ညှိကွပ်ဗိုလ်ချုပ်ကြီးမောင်မောင်အေး အပါအဝင် ကိုးဦးနဲ့ အဖွဲ့ ခုနှစ်ဖွဲ့ကို အီးယူအရေးယူမယ်

အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ဥရောပ သမဂ္ဂ (EU)က ထပ်မံ ပိတ်ဆို့ အရေးယူမယ့် စာရင်းအသစ်ကို ဖေဖော်ဝါရီ ၂၀ မှာ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

 စစ်တပ်က အဓမ္မ အာဏာသိမ်းထားပြီး ၂ နှစ်ကျော် အကြာမှာ EUက ဆဋ္ဌမအသုတ်အဖြစ် ထုတ်ပြန်တဲ့ အရေးယူ ပိတ်ဆို့မှု အမည်စာရင်း ထွက်ပေါ်လာပြီး လူပုဂ္ဂိုလ် ၉ ဦးနဲ့ အဖွဲ့အစည်း ၇ ခုရဲ့ နာမည်တွေ ပါဝင်လာတာ တွေ့ရပါတယ်။ 

ဒဏ်ခတ်ပိတ်ဆို့ခံရသူတွေမှာ အာဏာသိမ်းစစ်တပ်မှာ တတိယမြောက်သြဇာအရှိဆုံးဖြစ်တဲ့ညှိနှိုင်းကွပ်ကဲရေးမှူး( ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်၊ ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်တို့ပါဝင်ပါတယ်။

အဲဒီ နာမည်တွေဟာ မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့ အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ငြိမ်းချမ်းရေးကို ထိပါးမှုတွေ ဖြစ်ပေါ်စေတဲ့ အဓိက လက်သည်တရားခံ စစ်ကောင်စီနဲ့ ဆက်စပ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီအစိုးရအဖွဲ့က စွမ်းအင်ဝန်ကြီးဦးမျိုးမြင့်ဦး၊ ရန်ကုန်တိုင်းစီးပွားရေးဝန်ကြီးအငြိမ်းစားဒုတိယဗိုလ်မှူးကြီးမျိုးမြင့်အောင်တို့အပြင် စစ်ကောင်စီကိုလက်နက်နဲ့ နည်းပညာပွဲစားလုပ်ပေးနေတဲ့ သူတွေလည်းပါဝင်ပါတယ်။

Yatanarpon Aviation Support Company က ဒါရိုက်တာဦးစစ်တိုင်းအောင်၊ Myanmar Chemical and Mechinery ကဦးအောင်လှိုင်ဦးနဲ့ Sky Aviator တည်ထောင်သူဦးကျောင်မင်းဦးတို့ပဲဖြစ်ပါတယ်။

စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဌာန၊စစ်ထောက်ချုပ်ရုံး၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးပစ္စည်းဝယ်ယူရေးဌာနနဲ့

Asia Sun Group၊ Dynasty International Company Limited၊ International Gateways Group of Company Limited (IGG) နဲ့ Sky Aviator Company Limited တွေကိုလည်းအရေးယူမှုမှာပါဝင်ပါတယ်။

EUက ထုတ်ပြန်တဲ့ အရေးယူ ပိတ်ဆို့မှု စာရင်းထဲမှာ စွမ်းအင် ဝန်ကြီးဌာန၊ စစ်ကောင်စီအတွက် အရပ်ဖက်၊ စစ်ဘက် နှစ်မျိုး အသုံးပြုနိုင်တဲ့ လက်နက်ဖြစ်စေ၊ ကိရိယာ တန်ဆာပလေတွေဖြစ်စေ ထောက်ပံ့နေတဲ့ ထင်ရှားတဲ့ လုပ်ငန်းရှင်တွေ၊ စစ်တပ်ထဲက အဆင့်မြင့် အရာရှိကြီးတွေအပြင် ရန်ကုန်က နိုင်ငံရေးသမားနဲ့ အုပ်ချုပ်မှု အရာရှိ တချို့လည်း ပါဝင်ပါတယ်။

 EUရဲ့ အရေးယူ ပိတ်ဆို့မှု စာရင်းအသစ်ဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လတုန်းက ဒီမိုကရေစီ ဘက်တော်သား နိုင်ငံရေး အကျဉ်းသား ၄ ဦး သေဒဏ်စီရင်ခံရမှုနဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကြမ်းကြုတ် ဆိုးရွားလှတဲ့ လေကြောင်း တိုက်ခိုက်မှုအပြင် အစုလိုက် သတ်ဖြတ်မှု၊ ကျေးရွာတွေကို စီးနင်းဖျက်ဆီးပြီး မီးရှို့မှု၊ လူသားဒိုင်း အသုံးပြုမှု စတဲ့ စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ တရားလက်မဲ့ မှုခင်းတွေနဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။

 EUရဲ့ နာမည်ပျက် စာရင်းသွင်း ပိတ်ပင်ခံရတဲ့ အဖွဲ့အစည်းတွေထဲမှာ ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းစုကြီး တစ်ခုနဲ့ စစ်တပ်ကို လောင်စာ၊ လက်နက်နဲ့ ငွေကြေး ထောက်ပံ့နေတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေလည်း ပါဝင်ခဲ့ပါတယ်။ အခုဆိုရင် EUရဲ့ အရေးယူ ပိတ်ဆို့မှုကို ခံရတဲ့ လူပုဂ္ဂိုလ် ၉၃ ဦးနဲ့ အဖွဲ့အစည်း ၁၈ ခုထိ ရှိလာခဲ့ပါပြီ။ ပိတ်ဆို့မှု ခံရတဲ့ သူတွေဟာ EU ပိုင်နက်ထဲမှာ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ခံရပြီး ပြည်ဝင်ခွင့်လည်း တားမြစ် ခံရမှာပါ။ စာရင်းမှာ ပါဝင်တဲ့ နာမည်တွေနဲ့ ဆက်စပ်ပြီး EUက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေက ငွေကြေး ထောက်ပံ့တာ၊ ရင်းနှီးမြှုပ်နှံတာတွေလည်း လုပ်ခွင့် မရှိတော့ပါဘူး။

 EUက သတ်မှတ်ထားတဲ့ အရေးယူမှုတွေထဲမှာ မြန်မာနိုင်ငံကို စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ၊ ဆက်သွယ်ရေး ကွန်ရက်တွေကို ထောက်လှမ်း စောင့်ကြည့်တဲ့ နည်းပညာတွေ တင်ပို့တာတွေ တားမြစ်ထားတာလည်း အပါအဝင် ဖြစ်ပါတယ်။ နောက်ပြီး စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေကပါ အသုံးချနိုင်တဲ့ စစ်သုံး-အရပ်သုံး ပစ္စည်းတွေကို တင်ပို့ခွင့် ပိတ်ပင်ထားပြီး မြန်မာစစ်တပ်နဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်မှု၊ လေ့ကျင့် သင်တန်းပေးမှုတွေကိုပါ ရပ်တန့်ထားစေပါတယ်။

 နောက်ပြီး EUဟာ မြန်မာစစ်တပ် အုပ်ချုပ်နေတဲ့ ကာလအတွင်း မြန်မာနိုင်ငံကို ငွေကြေး ထောက်ပံ့မှုတွေ အားလုံးကိုလည်း ဆိုင်းငံ့ထားစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အကြောင်းကတော့ အဲဒီလို ထောက်ပံ့မှုတွေ ဆက်လက် စီးဝင်ပြီး စစ်ကောင်စီကို စီမံခန့်ခွဲခွင့် ပြုလိုက်တာဟာ မတရား အာဏာသိမ်းထားတဲ့ အဖွဲ့အစည်းကို တရားဝင်သလို လိုက်လျော လက်ခံရာ ရောက်သွားနိုင်တာကြောင့် ဖြစ်ပါတယ်။

 EUက စစ်ကောင်စီ တပ်သားတွေ ကျူးလွန်တဲ့ လိင်အမြတ်ထုတ်မှုနဲ့ လိင်ခွဲခြား ဖိနှိပ် အကြမ်းဖက်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ဂျာနယ်လစ်တွေအပေါ် မတရား ဖိနှပ်မှုတွေ၊ အရပ်သား ပြည်သူတွေအပေါ် ပစ်မှတ်ထား ရန်ပြုမှုတွေ၊ နိုင်ငံအနှံ့မှာ ကလေးငယ်တွေနဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေအပေါ် တိုက်ခိုက်တာတွေ၊ ကျောင်းနဲ့ ဆေးရုံတွေ အပါအဝင် အရပ်သား ပစ်မှတ်တွေကို လေကြောင်းကနေ ဗုံးကြဲတာတွေကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

 မတရား အာဏာသိမ်းမှု၊ အကြမ်းဖက်မှုနဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူတွေဟာလည်း လုပ်ရပ်နဲ့ ထိုက်တန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုး ရှိဖို့ လိုတယ်လို့ EUက ဆိုပါတယ်။ မြန်မာ့ အရေးနဲ့ ပတ်သက်လို့ အာဆီယံနဲ့ ကုလသမဂ္ဂတို့က အငြိမ်းချမ်းဆုံး ဖြေရှင်းဖို့ အားထုတ်နေတာတွေကို ကြိုဆို ထောက်ခံကြောင်းလည်း EUရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။