ကွယ်လွန်သူ အတ်ဆုအတွက် အောင်ပွဲခံတာကို အဝါကတ် မပြခဲ့တဲ့ ဒိုင်လူကြီးကို ကူဒူးစ် ကျေးဇူးတင်

ဂိုးသွင်းပြီးချိန်မှာ အသင်းဂျာစီကို ချွတ်ပြီး ကွယ်လွန်သူ သူငယ်ချင်း ခရစ္စတီယန် အတ်ဆုအတွက် ရည်စူး အောင်ပွဲခံခဲ့ပေမယ့် အဝါကတ် မပြခဲ့တဲ့ ကွင်းလယ်ဒိုင်ကို လေးစားမိကြောင်း အိုင်းယက်စ် အမ်စတာဒမ် ကစားသမား မိုဟာမက် ကူဒူးစ်က ဆိုပါတယ်။

 နယ်သာလန် အဆင့်မြင့်တန်း အမှတ်ပေး ပြိုင်ပွဲမှာ နာမည်ကြီး အိုင်းယက်စ် အသင်းဟာ စပါတာ ရိုတာဒမ်ကို ၄-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး ဂါနာ လက်ရွေးစင် ကွင်းလယ်လူက ပွဲချိန် ၈၄ မိနစ်မှာ ပြစ်ဒဏ်ဘောကနေတဆင့် ဂိုးသွင်းခဲ့ပါတယ်။ အဲဒီနောက် အောင်ပွဲခံချိန်မှာ သူက အိုင်းယက်စ် အသင်း ဂျာစီကို ချွတ်ပြီး ‘ငြိမ်းချမ်းစွာ အနားယူပါ အတ်ဆု’လို့ ရေးထားတဲ့ အောက်ခံ အင်္ကျီကို ပြသခဲ့ပါတယ်။

 စည်းမျဉ်းတွေအရ ကစားသမား တစ်ဦးဟာ ပွဲကစားချိန်အတွင်း အသင်းဂျာစီကို ချွတ်ခဲ့မယ်ဆိုရင် ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် အဝါကတ်ပြား ပြသပြီး သတိပေး ခံရမှာပါ။ ဒါပေမဲ့ ကွင်းလယ်ဒိုင် ပိုလ်ဗန် ဘိုကယ်လ်ကတော့ သူငယ်ချင်းအတွက် ဝမ်းနည်းနေတဲ့ ကူဒူးစ်ကို စာနာ နားလည်တဲ့ အနေနဲ့ အဝါကတ် မပြခဲ့ပါဘူး။

 ကူဒူးစ်ရဲ့ ဂါနာ အသင်းဖော်ဖြစ်ပြီး ချဲလ်ဆီး၊ နယူးကာဆယ်လ် ယူနိုက်တက်စတဲ့ အင်္ဂလန် ကလပ်တွေမှာ ကစားခဲ့ဖူးသူ အသက် ၃၁ နှစ်အရွယ် ကစားသမား အတ်ဆုဟာ တူရကီ ငလျင်အတွင်းမှာ သေဆုံးခဲ့ရှာပါတယ်။ အစောပိုင်းမှာ အတ်ဆုကို အပျက်အစီးတွေအောက်က အသက်ရှင်လျက် ရှာတွေ့ခဲ့တယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့သေးပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ အသက်ကင်းမဲ့နေတဲ့ အလောင်းကိုသာ ပြန်တွေ့ပြီလို့ သူ့ရဲ့ မိခင်ကလပ် ဟာတေစပေါက အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

 အတ်ဆု ရုတ်တရက် ကွယ်လွန်သွားတဲ့ သတင်းဟာ ကမ္ဘာ့ဘောလုံးလောက တစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး အရင်းနှီးဆုံး သူငယ်ချင်း တစ်ဦးဖြစ်တဲ့ ကူဒူးစ် အတွက်လည်း မဖြေသာအောင် ဝမ်းနည်းခဲ့ရပါတယ်။ ပွဲအပြီး အင်တာဗျူးမှာ ကူဒူးစ်က သူ့ရဲ့ အောင်ပွဲခံမှုနဲ့ ပတ်သက်လို့ ဒီကိစ္စဟာ ဘောလုံးရဲ့ သတ်မှတ် စည်းမျဉ်းတွေထက် ပိုအရေးကြီးတယ်လို့ ယူဆကြောင်း၊ သူ့ရဲ့ အောင်ပွဲခံပုံဟာ စည်းမျဉ်းတွေအရ ခွင့်ပြုမထားတဲ့ ကိစ္စဖြစ်ပေမယ့် အခြေအနေကို သူနားလည်ပေးတယ်လို့ ကွင်းလယ်ဒိုင်က လာပြောကြောင်း၊ အဲဒီအတွက်လည်း သူ့ကို ကျေးဇူးတင်ပြီး လေးစားမိကြောင်း ကူဒူးစ်က ဆိုပါတယ်။

 တူရကီမှာ ဘယ်လို အဖြစ်ဆိုးကြီး ကြုံခဲ့သလဲ ဆိုတာကို လူတိုင်း သိကြောင်း၊ ဒါပေမဲ့ အတ်ဆုက သူ့အတွက် အခင်မင်ဆုံးသူ ဖြစ်နေတာကြောင့် သူ့တစ်ဦးတည်းကို ရည်စူးခဲ့တဲ့အပေါ် နားလည်ပေးကြမယ်လို့ ယုံကြည်ကြောင်း၊ သူကိုယ်တိုင်က အတ်ဆုကို လေးစားစိတ်နဲ့ စောင့်ကြည့်ရင်း လူလားမြောက် ကြီးပြင်းလာရသလို အတ်ဆုကလည်း အကြံဉာဏ်ကောင်းတွေ အများကြီး ပေးခဲ့ဖူးကြောင်း၊ တကယ်လို့ ဒီပွဲမှာ ဂိုးမသွင်းဖြစ်ခဲ့ရင်လည်း ပွဲပြီးတဲ့ အချိန်မှာ အောက်ခံတီရှပ်ကို ထုတ်ပြဖို့ ရည်ရွယ်ထားကြောင်း ကူဒူးစ်က ESPN သတင်းဌာနကို ပြောပါတယ်။

 ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇.၈ အဆင့် ငလျင်ကြီးကြောင့် တူရကီနဲ့ အိမ်နီးချင်း ဆီးရီးယား နိုင်ငံမှာ လူပေါင်း ၄၇၀၀၀ နီးပါးလောက် သေဆုံးခဲ့ပါတယ်။