မွန်ပြည်နယ် ၊ရေးမြို့နယ် ၊လမိုင်းမြို့မှာပြီးခဲ့တဲ့ ဇန်နဝါရီနောက်ဆုံးအပတ်ကနေ ဖေဖော်ဝါရီလ၁၇ရက်နေ့အထိ သုံးပတ်အတွင်းမြေမြုပ်မိုင်းကြောင့်ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက်ဒေသခံတွေဟာမြေမြုပ်မိုင်းအန္တရာယ်တွေအပေါ်စိုးရိမ်ထိန့်လန့်နေကြရပါတယ်။
လမိုင်းမြို့ ၊ဘေးကလွဲကျေးရွာ ကြိုးတံတားချောင်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ခလရ( ၆၁)ကင်းစခန်းအနီးတဝိုက်မှာမြေမြုပ်မိုင်းတွေထောင်ထားတာကြောင့်ဒေသခံတွေသွားလာရာတွင်မကြာခဏမိုင်းနင်းမိတာနဲ့ထိခိုက်ဒဏ်ရာရရှိတာတွေရှိနေတယ်လို့ လမိုင်းမြို့ခံတစ်ဦးကပြောပါတယ်။
” ဘေးကလွဲရွာကချောင်းကူးကြိုးတံတားအနီးမှာမိုင်းတွေထောင်ထားတယ်။အဲ့မှာခလရ၆၁ကလည်းတပ်စွဲထားတယ်။တပ်စွဲတဲ့နေရာကိုဖြတ်ပြီးတံတားဘက်သွားတဲ့သူတိုင်းမိုင်းနင်းမိလို့ ခြေလက်တွေထိတာခနခနပဲဖြစ်နေတယ်” လို့ သူမကပြောပါတယ်။
မြေမြုပ်မိုင်းပေါက်ကွဲမှုတွေကြောင့်ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်ကနေဖေဖော်ဝါရီ ၁၇ ရက်နေ့အထိအသက် ၅၉ နှစ်အရွယ်အမျိုးသားတစ်ဦး၊အသက် ၃၀ နှစ်အရွယ်အမျိုးသားတစ်ဦး၊အသက် ၂၅ နှစ်အရွယ် လူငယ်အမျိုးသား နှစ်ဦး စုစုပေါင်းအမျိုးသား ၄ ဦး မိုင်းစထိမှန်ခဲ့ကာခြေလက်တွေမှာပေါက်ပြဲ
ပြတ်ရှဒဏ်ရာတွေရရှိခဲ့တယ်လို့ဒေသခံလူမှုကူညီရေးလုပ်ဆောင်သူတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ မြေမြုပ်မိုင်းကြောင့်ထိခိုက်ခဲ့တဲ့သူတွေဟာလမိုင်းမြို့ ၊မော့ကနင်ကျေးရွာကဥယျာဥ်ခြံလုပ်သားဖြစ်တဲ့အပြင် ဘေးကလွဲကျေးရွာ ကြိုးတံတားချောင်းအနီးဥယျာဥ်ခြံတွေထဲကိုဝင်ရောက်စဥ်မိုင်းတက်နင်းမိရာကပေါက်ကွဲခဲ့တာကြောင့်ခြေလက်တွေမှာအပြင်းအထန်ဒဏ်ရာရရှိခဲ့တာလို့ လမိုင်းမြို့ရှိလူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးကဆိုပါတယ်။
” မော့ကနင်ရွာကဥယျာဥ်ခြံလုပ်သားတွေခြံရှင်တွေ ကြိုးတံတားချောင်းအနီးကခြံထဲဝင်ရင်းမိုင်းနင်းမိတာ၊ ခြေလက်တွေပေါက်ပြဲပြတ်ရှတာတွေဖြစ်သွားတယ်။တချို့ဆိုဒဏ်ရာအရမ်းပြင်းတဲ့သူတွေလည်းရှိခဲ့တယ်”လို့သူကဆိုပါတယ်။
အခုလိုမြေမြုပ်မိုင်းတွေမကြာခနတက်နင်းမိရင်းထိခိုက်ဒဏ်ရာရရှိတာတွေဖြစ်ပေါ်နေရတဲ့အတွက်ဒေသခံတွေအနေနဲ့ ကြိုးတံတားအနီးကဥယျာဥ်ခြံတွေကိုသွားရောက်ဖို့စိုးရိမ်ထိန့်လန့်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်စခန်းနေရာနဲ့အနီးဆုံးမှာဥယျဥ်ခြံတွေရှိနေတာအပြင် မြေမြှုပ်မိုင်းတွေ မကြာခဏ ပေါက်ကွဲနေတာကြောင့်ဒေသခံအများစု မသွားရဲကြပေမဲ့အချို့ကတော့ မိသားစုဝမ်းရေးအတွက် မဖြစ်မနေ အန္တရာယ်ကို စိုးရိမ်တဲ့ကြားကနေ လာရောက်အလုပ်လုပ်ကိုင်နေကြရတယ်လို့ မော့ကနင်ဒေသခံတစ်ဦးကဆိုပါတယ်။
“ဥယျာဥ်ခြံတွေကစစ်တပ်စခန်းနဲ့အနီးမှာရှိတာရယ်မိုင်းတွေထောင်ထားတာသိတယ်။မိုင်းနင်းမိမှာကိုကြောက်စိတ်ကတော့ရှိနေတယ်။အချို့ကတော့မသွားရဲကြဘူးပေါ့။ကျွန်တော်ကတော့မိသားစုစားဝတ်နေရေးအတွက်အန္တရာယ်ကြားထဲကသွားလာနေရပါတယ်” လို့သူကပြောပါတယ်။
လမိုင်းမြို့ဘေးကလွဲကျေးရွာကြိုးချောင်းတံတားအနီးမှာရှိနေတဲ့မြေမြုပ်မိုင်းတွေဟာဒေသခံတော်လှန်ရေးအဖွဲ့တွေကပြုလုပ်တာမဟုတ်တဲ့အပြင် တံတားအနီးမှာတပ်စွဲထားတဲ့ စစ်ကောင်စီခလရ (၆၁)ရဲ့ တပ်စခန်းတိုက်ခိုက်ခံရမှာစိုးရိမ်တာကြောင့်စခန်းအနီးတဝိုက်ကိုစစ်တပ်ကမိုင်းထောင်တာရှိနေတဲ့အတွက်
ဒေသခံတွေအနေနဲ့အကြောင်းကိစ္စမရှိပဲဥယျာဥ်ခြံတွေထဲမသွားရောက်ကြဖို့မိုင်းအန္တရာယ်နဲ့ပက်သက်ပြီးညွှန်ကြားထားတာတွေကိုသိရှိထားကြဖို့ ရေးဘီလူးအဖွဲ့ကအသိပေးပြောဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့မြေမြှုပ်မိုင်းကြောင့်မွန်ပြည်နယ်ကကျိုက်ထို၊ဘီးလင်းနဲ့ ရေးမြို့နယ်တို့မှာ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိနေတယ်လို့မွန်လူ့အခွင့်အရေးအဖွဲ့(MHR)စာရင်းတွေအရသိရပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းတဲ့ ၂ နှစ်တာအတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းအပိုင်းအစတွေ ပေါက်ကွဲမှုကြောင့် ကလေးသူငယ်တွေအပါအဝင်လူ (၁၀၂) ဦးသေဆုံးခဲ့ရ
ပြီး(၂၈၈) ယောက်အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ကု လသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရံပုံငွေအဖွဲ့ (UNICEF) က ပြီးခဲ့တဲ့၂၀၂၂ခုနှစ် ၊ဇွန်လမှာ ထုတ်ပြန်ထားပါတယ်။