ကျောက်ကြီးကဒေသခံစစ်ရှောင် သုံးသောင်းကျော်လူမှုဘဝရပ်တည်ဖို့အခက်အခဲဖြစ်ပေါ်နေ

ပဲခူးတိုင်း ၊ကျောက်ကြီးမြို့နယ်က ဒေသခံသုံးသောင်း ကျော်ဟာ စစ်ဘေးတိမ်းရှောင်ရတဲ့အချိန်ကာလကြာမြင့်နေတဲ့အတွက် စားဝတ်နေရေးအရအဆင်မပြေလာတဲ့အပြင် လူမှုဘဝရပ်တည်ဖို့အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။

အဲဒီဒေသခံစစ်ဘေးရှောင်တွေဟာ၂၀၂၂ခုနှစ်၊ ဇွန်လမှာဖြစ်ပွားခဲ့တဲ့မုန်းဒေသ တိုက်ပွဲအတွင်း ကျောက်ကြီးမြို့ နယ်ထဲကိုစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့်စစ်တောင်းမြစ်ကမ်းနံဘေးနဲ့အနီးတဝိုက်ဒေသတွေကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘေးလွတ်ရာကျေးရွာတွေတောင်တောင်တွေထဲမှာနေထိုင်ရတဲ့အပြင် နေရပ်ကိုမပြန်နိုင်တာကြောင့်စားဝတ်နေရေးအတွက်ခက်ခဲနေကြရတယ်လို့ စစ်ဘေးရှောင်ဒေသခံတွေကိုကူညီလုပ်ဆောင်ပေးသူတစ်ဦးကပြောပါတယ်။

“အခုအထိအိမ်ကိုမပြန်ရတာအချိန်ကြာပြီ။မီးရှို့ခံရတာနဲ့လက်နက်ကြီးမှန်တာဆိုတော့အိမ်တွေလည်းမရှိတော့ဘူးပေါ့။ သူတို့အတွက် စားဝတ်နေရေးအရအလုပ်အကိုင်တွေမရှိတော့အခက်အခဲတွေဖြစ်ကြရတယ်” လို့သူကပြောပါတယ်။

ဒါ့အပြင်စစ်ဘေးရှောင်တွေဟာရာသီဥတုနဲ့စစ်ဘေးဒဏ်တွေကြောင့်နေရာမကြာခနပြောင်းရွှေ့နေရတာ၊ကိုယ်ဝန်ဆောင်သည်တွေ နို့တိုက်မိ ခင်တွေအပါအဝင်အမျိုးသမီးနဲ့ ကလေးသူငယ်ဦးရေအရေအတွက်ပိုမိုများပြားနေတဲ့အတွက်နေထိုင်စရာအမိုးအကာ၊စားနပ်ရိက္ခာနဲ့ကျန်းမာရေးစောင့်ရှောက်ဖို့အတွက်ဆေးဝါးတွေလိုအပ်မှုတွေပါပိုမိုလိုအပ်လာတယ်လို့စစ်ရှောင်ကူညီလုပ်ဆောင်သူတွေကဆိုပါတယ်။

စစ်ဘေးတိမ်းရှောင်နေသူတွေရဲ့ လူဦးရေ နှစ်သောင်းဝန်းကျင်ဟာ အမျိုးသမီးနဲ့ကလေးငယ်တွေဖြစ်တဲ့အပြင်ကိုယ်ဝန်ဆောင်သည်နဲ့နို့တိုက်မိခင်တွေ ပါဝင်နေကာဆေးဝါးနဲ့အာဟာရတွေအတွက်အကူအညီအထောက်အပံ့တွေပေးအပ်ဖို့လိုအပ်နေတယ်လို့ကရင်လူငယ်အစည်းအရုံး(KYO)ကျောက်ကြီးမြို့နယ်တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

” ကလေးနဲ့အမျိုးသမီးအရေအတွက်ကအရမ်းများတယ်။နှစ်သောင်းဝန်းကျင်အထိရှိနေတယ်၊ကိုယ်ဝန်ဆောင်သည်တွေနို့တိုက်မိခင်တွေကလည်းပါနေတယ်၊ အာဟာရနဲ့ဆေးဝါးတွေကိုကူညီထောက်ပံ့ဖို့အရေးတကြီးလိုအပ်နေတယ်” လို့သူမကပြောပါတယ်။

စစ်ဘေးရှောင်ဒေသခံတွေအပေါ် ကေအန်ယူဗဟိုရဲ့ ကရင်ပြည်တွင်း နေရပ်စွန့်ခွာသူများကော်မတီ(CIDKP)၊ ကရင်လူငယ်အဖွဲ့အစည်း(KYO)နဲ့ကရင်အရပ်ဖက်အဖွဲ့တွေလိုက်လံထောက်ပံ့ပေးနေပေမဲ့ ယခုတိမ်းရှောင်နေရတဲ့ဒေသခံတွေဟာသွားလာရခက်ခဲတဲ့နေရာတွေဖြစ်နေတဲ့အတွက်ထောက်ပံ့ပေးနိုင်ဖို့အလှမ်းဝေးနေရတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေကပြောပါတယ်။

လက်ရှိတိမ်းရှောင်နေတဲ့ကျောက်ကြီးဒေသခံ သုံးသောင်း ကျော်တိမ်းရှောင်နေရတဲ့ဒေသဟာ သွားလာရခက်ခဲတဲ့အပြင်စစ်ကောင်စီတပ်တွေစစ်ရေးလှုပ်ရှားရှာဒေသနဲ့စစ်ဆေးရေးတင်းကြပ်တဲ့အခြေအနေတွေကြောင့် သွားရောက်ထောက်ပံ့ပေးနိုင်ဖို့ခက်ခဲတွေရှိနေတယ်လို့ကရင်ပြည်တွင်း နေရပ်စွန့်ခွာသူများကော်မတီ(CIDKP)တာဝန်ရှိသူကဆိုပါတယ်။

” ကျောက်ကြီးကစစ်ဘေးရှောင်တွေအတွက်ထောက်ပံ့ပေးဖို့ကခက်ခဲတယ်။အဲ့နေရာကစစ်ရေးလှုပ်ရှားတဲ့နေရာဖြစ်တာရယ်စစ်ဆေးရေးတင်း​ကြပ်တာကြောင့်သွားဖို့အတွက်ခက်ခဲ့တယ်၊ကူညီပေးဖို့အလှမ်းဝေးနေတယ်၊အဲ့မှာရှိနေတဲ့အရပ်ဖက်အဖွဲ့အစည်းတွေကတဆင့်ထောက်ပံ့ပေးမှပဲဖြစ်နိုင်မယ်” လို့သူကပြောပါတယ်။

ကေအန်ယူတပ်မဟာ ၃ နယ်​မြေဖြစ်တဲ့ ကျောက်ကြီးမြို့နယ် အပါအဝင်မုန်းနဲ့ရွှေကျင်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းအဖွဲ့ကြား ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မေလကနေ ယခု၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိတိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဒေသခံ ၁၄၀၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့ကေအန်ယူ-ဗဟိုကသတင်းထုတ်ပြန်ထားပါတယ်။