ရခိုင်ကနေ မလေးရှားသွားမယ့် ရိုဟင်ဂျာ လေးဆယ်ကို စစ်ကောင်စီဖမ်းဆီး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအနီးမှာ ဒီကနေ့ (ဖေဖော်ဝါရီ ၁၉)ရက် နံနက်ပိုင်းက  ပုန်းခိုနေတဲ့ အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုး ၄၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ဝါခရူချောင်းဝဘက်ကနေ စက်လှေတစီးနဲ့ လိုက်ပါလာကြတဲ့ ရိုဟင်ဂျာတွေက ဝဲကလိကျေးရွာတောင်ဘက် ဓနိတောစပ်တနေရာမှာ နံနက် ၁၁ နာရီခန့်မှာ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက DNA ကို ပြောပါတယ်။

“ သူတို့ ဝါခရူချောင်းဘက်ကနေ စက်လှေနဲ့ ဝင်လာကြတာအားလုံးပေါင်း ၄၀ လောက်ရှိတယ်။ရွာတောင်ဘက်က ဓနိတောက ခြံတစ်ခုမှာ ဝင်ဖမ်းတာ။ သိရသလောက်တော့ သူတို့အဲမှာရောက်နေတာ နှစ်ရက်လောက်ရှိပြီး၊ ဒေသခံတွေက မသင်္ကာလို့ သက်ဆိုင်ရာကို သတင်းပေးလိုက်လို့ အဲဒါလာဖမ်းသွားတာပါ။” ဟု ၎င်းက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာတွေထဲမှာဆိုရင် ကျား ၂၅ ဦး၊ မ ၁၂ ဦး၊ အသက်မပြည့်သေးတဲ့ ၃ ဦးပါဝင်ပြီး သူတို့ကိုတော့ စစ်ကောင်စီပူးပေါင်း အဖွဲ့တွေက သံဖြူဇရပ်၊ မြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သံဖြူဇရပ်မြို့မရဲစခန်းနဲ့ နီးစပ်သူတစ်ဦးကို ဆက်သွယ်မေးကြည့်ရာမှာတော့ 

“ ဟုတ်တယ်၊ ရခိုင်က လာတယ်ပြောတယ်။ ရေလမ်းကနေ ဝင်လာတာ။ ပွဲစားကနေတဆင့်။ သူတို့ကိုတော့ ပွဲစားတွေက အဲနေရာမှာ ထားခဲ့တာ။ အခုကျွန်တော်တို့ အဲပွဲစားလုပ်တဲ့သူကို စုံစမ်းနေပါတယ်။ သူတို့ထွက်ဆိုချက်အရတော့ ရခိုင်ပြည်နယ်ဘက်ကနေ လာခဲ့တာလို့ ပြောတယ်။ တဦးနှစ်ဦးလောက်ပဲ ဗမာစကားကောင်းကောင်းပြောတယ်။ ကျန်တဲ့သူတွေက နည်းနည်းပဲ ပြောတတ်တယ်။ တချို့ဆို ပြောလို့တောင်မတတ်ဘူး။” ဟု ၎င်းက ပြောပါတယ်။

အဆိုပါ ရိုဟင်ဂျာတွေက ထိုင်း-မြန်မာနယ်စပ်ကနေတဆင့် မလေးရှားနိုင်ငံသွားဖို့အတွက် ရခိုင်ပြည်နယ်ဘက်ကနေ ထွက်လာခဲ့ကြတာ ဖြစ်ပြီး လက်ရှိသူတို့ကိုတော့ မြို့မရဲစခန်းမှာပဲ ဖမ်းဆီးချုပ်နှောင်ထားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၊၅ ရက် နံနက်ပိုင်းကလည်း မုဒုံမြို့နယ်၊ ကမာဝက်ချောင်းဝမှာ စက်လှေဝမ်းဗိုက်အတွင်းကနေ လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၈၀ နီးပါးကို စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပြီး သူတို့ကိုတော့ သက်ဆိုင်ရာ ဒေသတွေဆီကို ပြန်ပို့လိုက်ပြီးလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်းက ရိုဟင်ဂျာတွေ အိမ်နီးချင်းနိုင်ငံတွေဘက်ကို အလုပ်လုပ်ကိုင်ကြဖို့ သွားရောက်ချိန် လမ်းတွေမှာ အထောက်အထားမဲ့တဲ့ စွပ်စွဲချက်နဲ့ မကြာခဏဖမ်းဆီးခံနေရသလို လက်သည်မပေါ်တဲ့ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း ပိုမိုဖြစ်ပွားနေပါတယ်။ 

ရခိုင်ပြည်နယ်က Camp တွေထဲမှာ ဆယ်စုနှစ်တစ်ခုလောက် ပိတ်လှောင်ခံထားရတဲ့ရိုဟင်ဂျာတွေဟာ ရေရှည်သူတို့အတွက် တိုးတက်ပြောင်းလဲမှုမရှိလာတာနဲ့ လုပ်ကိုင်စားသောက်ဖို့ လိုအပ်လာတာကြောင့် အိမ်နီးချင်းနိုင်ငံတွေဘက်ကို တရားမဝင်တဲ့လမ်းကြောင်းကနေ သွားရောက်ရင်းနဲ့ လမ်းမှာဖမ်းဆီးခံရတာဖြစ်တယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ပြေဖူးပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာဦးရေ သုံးထောင်ကျော်ရှိနေပြီး အားလုံးကတော့ လူကုန်ကူးခံတာတွေ ဖြစ်တယ်လို့ ရိုဟင်ဂျာလူကုန်ကူးမှု စောင့်ကြည့်ရေး အစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။


Photo – စစ်ကောင်စီသတင်းမီဒီယာ