သူတို့ရဲ့ ကစားသမား ဆွန်ဟောင်မင်းအပေါ် လူမှုကွန်ရက်တွေပေါ်မှာ လူမျိုးရေးခွဲခြား တိုက်ခိုက်တာတွေဟာ လက်ခံနိုင်စရာ မဟုတ်ကြောင်း တော့တင်ဟမ် ဟော့စပါး အသင်းက ရှုတ်ချ ကြေညာခဲ့ပါတယ်။
ဝက်စ်ဟမ်း ယူနိုက်တက်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ တောင်ကိုရီးယား လက်ရွေးစင် ဆွန်က တော့တင်ဟမ်အတွက် ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။ အဲဒီပွဲ ယှဉ်ပြိုင်နေချိန် အတောအတွင်း ဆွန်ကို ဦးတည်တဲ့ လူမျိုးရေး စော်ကား တိုက်ခိုက်မှုတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။
လန်ဒန်အခြေစိုက် ကလပ်အသင်းက အဲဒီလို အရေးအသားတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ တိုင်ကြားထားပြီး ဖြစ်တယ်လို့လည်း Twitterမှာ ရေးသားထားပါတယ်။ ဒါ့အပြင် လူမှုကွန်ရက် မီဒီယာကြီးတွေ အနေနဲ့လည်း ဒီလိုမျိုး ယဉ်ကျေးမှု မရှိတဲ့ လူမျိုးရေး ခွဲခြားမှုတွေကို တုံ့ပြန် အရေးယူပေးဖို့ တော့တင်ဟမ် အသင်းက တောင်းဆိုခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ လူမျိုးရေး ခွဲခြားတိုက်ခိုက်မှုတွေက လက်ရှိ အချိန်ထိ အထိုက်အလျောက် ရှင်သန်နေဆဲ ဖြစ်သလို အခုလ အစောပိုင်းမှာလည်း ဘရန့်ဖို့ဒ် အသင်းရဲ့ လူမည်း တိုက်စစ်မှူး အိုင်ဗန် တိုနေးကို Instagramမှာ လူမျိုးရေးခွဲခြား စော်ကားမှုတွေ ထွက်ပေါ်လာတာကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့ လိုနေပြီလို့ တိုက်တွန်း တောင်းဆိုထားပါတယ်။
တိုနေးရဲ့ ဖြစ်စဉ်မှာတော့ အာဆင်နယ်ဖက်ကို သွင်းယူတဲ့ အငြင်းပွားစရာ ချေပဂိုးကြောင့် သူ့ကို အငြှိုးထားပြီး ထိုးနှက်ခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်တမ်းမှာ တိုနေးရဲ့ သွင်းဂိုးကို လူကျွံဘော သတ်မှတ်ပြီး ပယ်ဖျက်သင့်ခဲ့ပေမယ့် ဒိုင်လူကြီး အထောက်ပံ့ ကင်မရာစနစ် (VAR)ကို ကြီးမှူးတဲ့ ပွဲတာဝန်ရှိသူရဲ့ အဆုံးအဖြတ် အမှားကြောင့် ဂိုးအဖြစ် သတ်မှတ်ခဲ့ပါတယ်။
တိုနေးကို လူမျိုးရေးခွဲခြားတဲ့ အရေးအသားတွေနဲ့ ပတ်သက်လို့ Instagramရဲ့ မိခင်ကုမ္ပဏီ Metaက ကန့်ကွက်ကြောင်း ကြေညာခဲ့ပေမယ့် အဲဒီကိစ္စနဲ့ ပတ်သက်လို့ Instagramမှာ ထိထိရောက်ရောက် တိုင်ကြားမှုတွေ မရှိတဲ့အတွက် ကုမ္ပဏီအနေနဲ့ အရေးယူနိုင်စွမ်း မရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
Ref: BBC