ရှမ်းတောင်ပိုင်းမှာစစ်တပ်သင်တန်းပေးထားတဲ့ ပျူစောထီးတွေကို ကရင်နီဘက်စေလွှတ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းမှာ  စစ်ကောင်စီက သင်တန်းပေးထားတဲ့ ဓနုပျူစောထီး အယောက် ၂၀ ကျော်ကို အင်းလေးဒေသနဲ့ စစ်ရေးပြင်းထန်းနေတဲ့ ကရင်နီ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလိုစေလွှတ်မှုကိုတော့  ပြီးခဲ့တဲ့ဇန်နဝါရီလကစတင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

“ဓနုဒေသမှာက တိုက်ပွဲတွေ မရှိတာကြာပြီးဆိုတော့ နယ်မြေငြိမ်သက်နေတာ ကြာပြီပြောရမှာပေါ့။ ကရင်နီဒေသဆိုတာကလည်း အရမ်းဝေးတဲ့ဒေသမဟုတ်တော့ ပို့ရတာ လွယ်ပါတယ်။ စစ်တပ်အင်အားဖြည့်တဲ့ နေရာမှာ သုံးတာပါ။ တချို့က ကရင်နီ၊ တချို့က အင်းလေးဘက်ခြမ်းလို့ သိရပါတယ်။ ခွဲပြီးပို့တဲ့ အရေအတွက်ကတော့ မသိရသေးဘူး”လို့ နီးစပ်တဲ့ ဒေသခံက DNA ကိုပြောပါတယ်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စစ်ကောင်စီဟာ ရပ်ရွာ လုံခြုံရေးကို အကြောင်းပြပြီး ဒေသခံတွေကို သင်တန်းပေးဖွဲ့စည်းထားတဲ့ ဓနုပျူတွေကို ရပ်ရွာအတွင်း ကင်းလှည့်စစ်ဆေးခြင်းတွေမှာ အသုံးပြုနေတာလအတန်ကြာပြီဆိုဆက်သိရပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ပထမပတ်က အင်းလေးဒေသမှာ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF)၊ ရှမ်းပြည်တောင်ပိုင်း ပြည်သူကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

လက်ရှိကရင်နီပြည်မှာဆိုရင်လည်း ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်လာတာ ၂နှစ်နီးပါးရှိနေပြီဖြစ်ပြီးလက်ရှိတိုက်ပွဲလည်းဆက်ဖြစ်နေဆဲဖြစ်ပါတယ်။