ရန်ကုန်မှာ နှစ်ပတ်အတွင်း လူငယ်အယောက်သုံးဆယ်ထက်မနည်းအဖမ်းခံရပြီး နေအိမ်တလုံး ချိပ်ပိတ်ခံရ

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ လှိုင်မြို့နယ်နဲ့ တောင်ဥက္ကလာမြို့နယ်တွေမှာ အခုဖေဖော်ဝါရီလအတွင်း လူငယ်တွေဆက်တိုက်ဖမ်းဆီးခံနေရပြီး တောင်ဥက္ကလာမှာတော့ နေအိမ်တလုံးချိပ်ပိတ်ခံရတယ်လို့ သက်ဆိုင်ရာမြို့နယ် ဒေသခံတွေကပြောပါတယ်။

“ကျွန်တော်တို့ လှိုင်၊သီရိမြိုင်မှာတော့ PDF ထောက်ပံ့တယ်ဆိုပြီး ကလေးမလေးတွေကို လာပြီး ထပ်ဖမ်းတာ။မနေ့ကအိမ်စီးကားတွေနဲ့လာဖမ်းကြတာ။  ကားက အားလုံး ၄စီးမှာ အရပ်ဝတ်နဲ့ ၈ယောက်လောက်ရှိတယ်။ စာရင်းအတိအကျနဲ့ဖမ်းတဲ့ပုံစံလာတာ” လို့ ရပ်ကွက်နေဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၇ရက်နေ့လောက်ကတည်းကစတင်ပြီး လှိုင်မြို့နယ်အတွင်းမှာ အခုလိုဖမ်းဆီးတာတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး လက်ရှိမှာ ဖမ်းဆီးခံရတဲ့ လူငယ်အမျိုးသားနဲ့ အမျိုးသမီးဦးရေအယောက် ၂၀ လောက်ရှိနေပြီလို့ ဒေသခံတွေကဆိုကြပါတယ်။

အလားတူပဲ စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီ ၁၈ရက် ည ပိုင်းကလည်း အင်းစိန်မြို့နယ်၊ရွာမအနောက်ရပ်ကွက်က နေအိမ်တလုံးကို အင်အားအများအပြားနဲ့ဝင်ရောက်စီးနင်းခဲ့တယ်လို့လည်း သိရပါတယ်။

စီးနင်းဖမ်းဆီးမှုအတွင်းမှာတော့ လူငယ်အချို့ဖမ်းဆီးခံတာအပြင် လက်နက်ခဲ့ယမ်းတွေလည်း ဝင်ရောက်စီးနင်းခံရတဲ့နေအိမ်ကနေ ရရှိသွားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

” ကျွန်တော်တို့လည်း ကြားတာပေါ့နော်။မြို့ပတ်လမ်းဘက်က နေအိမ်ကိုဝင်စီးတာ။သုံးယောက်လောက်အဖမ်းခံပြီး လက်နက်တွေရော၊ယမ်းတွေပါမိသွားတယ်လို့ ကြားတယ်။ဝင်စီးခံရတာတော့အမှန်ပဲ။လက်နက်တွေဘယ်လောက်ပါသွားတယ်ဆိုတာတော့ အတိအကျမသိဘူး”လို့ အင်းစိန်ရွာမအနောက်ရပ်ကွက်နေ ဒေသခံတဦးကလည်း ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ တောင်ဥက္ကလာပမြို့နယ်၊၁၀ရပ်ကွက်မှာလည်း ဖေဖော်ဝါရီ ၁၈ရက်က နေအိမ် တစ်လုံးကို အင်အားအပြည့်နဲ့ ရောက်ရှိလာပြီး ချိတ်ပိတ်သွားတယ်လို့ သိရပါတယ်။

ရန်ကုန်မှာ အခုလို တော်လှန်ရေးလူငယ်အချို့နဲ့PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့စစ်ကောင်စီရဲ့ ဖမ်းဆီးခံမှုတွေဟာ  လက်ရှိဖေဖော်ဝါရီလအတွင်းမှာ အယောက် ၃၀ထက်မနည်းရှိနေပြီး

ရန်ကုန်မြို့ကတော်လှန်ရေးအင်အားစုတွေကတော့ ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်ပြီးအတည်ပြုနေဆဲလို့ DNA ကိုပြောပါတယ်။