စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့တံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်တိုက်ပြီး နှစ်ဖက်အကျအဆုံးရှိ

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ရေးမြို့နယ် ရေးတံတားကြီး စစ်ကောင်စီရဲ့ စစ်ဆေးဂိတ်စခန်းကို ဒီကနေ့ ဖေဖော်ဝါရီ ၁၉ရက် မနက်ပိုင်းက ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့တဲ့အကြောင်း ဒေသခံတွေကပြောပါတယ်။

လုံခြုံရေးတင်းကြပ်ထားလေ့ရှိတဲ့ ရေးမြို့အထွက် ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို အင်အား ၁၀ ဦးကျော်ပါတဲ့ ရေးဘီလူးအဖွဲ့က မနက် ၇နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နာရီဝက်ကြာအပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ရေးဒေသခံတဦးကပြောပါတယ်။

“ မနက် ၇ နာရီလောက်မှာ ပစ်ခတ်မှု ဖြစ်တာ၊ နာရီဝက်လောက်ပစ်ကြတယ်။

ရေးဘီလူးဘက်က ၁၀ ဦးကျော်ပါတယ်၊။ ဝင်စီးတော့ ဟိုဘက်ကလည်း ပစ်၊ နှစ်ဖက်လုံးက အကျအဆုံးရှိတယ်လို့ သိရတယ်” လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံကပြောပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ရေးတံတားကြီး စစ်ဆေးရေးဂိတ်နဲ့ အဝေးပြေးကားလမ်းမတစ်လျှောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ကားလမ်းပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးတာတွေ တင်းကြပ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

“ လက်နက်ကြီးနဲ့လည်း ပစ်တယ်၊ အိမ်ကနေတောင် ကြားနေရတာ၊ အခု ဘယ်သူမှ အပြင်မထွက်ရဲကြဘူး၊ ကားလမ်းတွေမှာလည်း ကားတွေ ပိတ်ဆို့နေကြတယ်၊ စစ်သားတွေ အများကြီးလည်း ထပ်ရောက်လာတယ်။ အခု လမ်းမတလျှောက်မှာ အတော်လေးကို စစ်ဆေးနေတယ်၊ ဒေသခံတွေလည်း အိမ်အပြင်မထွက်ရဲကြတော့ဘူး၊ လမ်းမှာလည်း ပိတ်မိနေတဲ့ကားတွေကလွဲပြီး ဘယ်သူမှ မရှိဘူးလို ဒေသခံကပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ရေးဘီလူးအဖွဲ့ကို DNA သတင်းဌာနမှ တယ်လီဖုန်းနဲ့ ငါးကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

နှစ်ဖက်ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ရဲနဲ့ စစ်သားအပါအဝင် ၅ ဦးထိခိုက်သေဆုံးခဲ့ပြီး ရေးဘီလူးအဖွဲ့ဘက်ကတော့ တဦးကျဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးမြို့မရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက DNA ကို အတည်ပြုပြောဆိုပါတယ်။

ရေးမြို့အထွက် တံတားကြီးစစ်ဆေးရေးဂိတ်ဟာဆိုရင် စစ်ကောင်စီတပ်ဖွဲ့တွေက ဘန်ကာတွေ အခိုင်အမာတည်ဆောက်ထားပြီး အင်အား အများအပြားနဲ့ တပ်စွဲထားတဲ့နေရာတခုဖြစ်သလို လမ်းသွားလမ်းလာပြည်သူတွေကို မချေမငေံဆက်ဆံတာနဲ့ အစစ်အဆေးကြမ်းတမ်း တဲ့ ဂိတ်တစ်ခုလည်း ဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

ဒါကြောင့် အဲဒီစစ်ဆေးရေးဂိတ်ဟာ မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်တာတွေ ခံနေရပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ရေးတံတားကြီးဂိတ်ကို 79 MM ဗုံးပစ်လောင်ချာ 40 mm ဗုံးသီးနှစ်လုံးနဲ့ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO မှ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

Photo – စစ်တပ်ထောက်ခံ တယ်လီဂရမ်

ပုံစာ – စစ်ကောင်စီဘက်က သိမ်းဆည်းရမိတဲ့ လက်နက်နဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရေးဘီလူးအဖွဲ့ဝင်တစ်ဦး