မော်လမြိုင်မြို့အနီးကကျေးရွာတွေထဲကို CDM ဝန်ထမ်းတွေရှိမရှိ စစ်တပ်က လိုက်လံစုံစမ်းဖမ်းဆီးနေ

မွန်ပြည်နယ် ၊မော်လမြိုင်မြို့အနီးကော့နှပ်ကျေးရွာအပါအဝင်ကျေးရွာသုံးရွာကို စစ်ကောင်စီလက်အောက်ခံအဖွဲ့ကCDM ဝန်ထမ်းတွေရှိ၊မရှိ

လိုက်လံစုံစမ်းကာဖမ်းဆီးဆောင်ရွက်တာတွေရှိနေတယ်ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၃ ရက်ကနေဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိမော်လမြိုင်မြို့က ကော့နှပ်နဲ့ကတိုးကျေးရွာထဲကို စစ်ကောင်စီတပ်ရင်း ခလရ (၈၁)ကအင်အားအများအပြားနဲ့ဝင်ရောက်ကာ CDM ဝန်ထမ်းတွေရှိမရှိလိုက်လံစုံစမ်းတာအပြင်ဧည့်စာရင်းစစ်ဆေးလုပ်ဆောင်တာတွေရှိနေတယ်လို့ လုံခြုံရေးအရအမည်မဖော်လို့တဲ့ကော့နှပ်ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။

” ရွာထဲမှာ CDM ရှိမရှိလာပြီးမေးတယ်။ ဧည့်စာရင်းတွေဝင်စစ်သွားတယ်။ CDMဖမ်းဆီးခံရတာတော့မကြားမိဘူး “လို့ သူမကပြောပါတယ်။

စစ်ကောင်စီတပ်ကCDM ပြုလုပ်ထားသူတွေကိုစုံစမ်းရာမှာဘုရားဖူးဟန်ဆောင်ကာအရပ်သားပုံစံနဲ့မေးမြန်းတာရှိခဲ့သလို ကျေးရွာအဝင်အထွက်တွေမှာလည်းအင်အားအများအပြားနဲ့ဒေသခံတွေအပေါ်စစ်ဆေးဆောင်ရွက်တာတွေရှိနေတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။

စစ်ကောင်စီတပ်နဲ့ရဲအဖွဲ့အင်အား ၅၀ ဝန်းကျင်ဟာ ကော့နှပ်ကျေးရွာလမ်းဆုံနဲ့ကော့လှာကျေးရွာအဝင်အဝတွေမှာနေ့စဉ်သွားလာနေတဲ့အရပ်သားဒေသခံတွေအပေါ်ရိုက်နှက်စစ်ဆေးတာတွေအပြင်ညအချိန်မှာလည်းကျေးရွာအတွင်းဝင်ရောက်ဧည့်စာရင်းစစ်ဆေးတာကြောင့်ဒေသခံ၅ဦးထက်မနည်းဖမ်းဆီးခံထားရတယ်လို့ ကော့လှာကျေးရွာသားတစ်ဦးကဆိုပါတယ်။

“နေ့ပိုင်းဆိုကော့နှပ်လမ်းဆုံနဲ့ရွာထိပ်မှာအင်အားအများကြီးလာစစ်တယ်။တချို့ဆိုပါးရိုက်ခံရတယ်။ညဆိုရင်လည်းအိမ်ပြန်နောက်ကျတဲ့သူတွေကိုလိုက်ဖမ်းတယ်။ဧည့်စာရင်းဝင်စစ်ရင်းနဲ့ဖမ်းသွားတာ။မနက်ကျမှရဲကင်းစခန်းမှာငွေပေးပြီးသွားထုတ်ရတယ်။CDM တွေရှိမရှိကိုလည်း ဘုရားဖူးပုံစံနဲ့လိုက်မေးနေတာတွေ့ရတယ်” လို့သူကပြောပါတယ်။

CDM ဝန်ထမ်းတွေရှိ၊မရှိကျေးရွာတွေအတွင်းလာရောက်စုံစမ်းမှုတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ကစပြီး ကော့နှပ်ကျေးရွာအုပ်စုအတွင်းကို

စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေကအရပ်သားပုံစံတွေနဲ့မကြာခနလာရောက်နေပေမဲ့ယခုဖေဖော်ဝါရီလ အတွင်းသို့ရောက်ရှိမှသာပိုမိုလုပ်ဆောင်လာတာဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေရဲ့စုံစမ်းဖမ်းဆီးမှုတွေပြုလုပ်နေတဲ့ကျေးရွာတွေဟာ စစ်တပ်ထောက်ခံတဲ့ကြံ့ခိုင်ရေးပါတီ(USDP)အမာခံပါတီဝင်များရှိရာနေရာတွေလည်းဖြစ်တယ်လို့သိရပါတယ်။

၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ၁ရက် အာဏာသိမ်းမှုကိုဆန့်ကျင့်တဲ့သိန်းနဲ့ချီတဲ့နိုင်ငံဝန်ထမ်းတွေဟာအာဏာသိမ်းစစ်အစိုးရရဲ့လုပ်ငန်းခွင်ကိုစွန့်ခွါခဲ့ကြပါတယ်။

စစ်ကောင်စီဟာ CDMဝန်ထမ်းတွေကိုလေဆိပ်မှာဖမ်းဆီးတာ၊ CDMဆေးဝန်ထမ်းတွေအလုပ်ဝင်တဲ့ဆေးခန်းတွေကိုပိတ်အပြင် ဖမ်းဆီးမှုတွေလည်းရှိပါတယ်။

Photo – Internet