အမြတ်တနိုးထားတဲ့ နွားနောက်တွေကို တော်လှန်ရေးအတွက်လှူလို့ ကျေးဇူးတင်ကြောင်း CDF ပြော

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းက ကျေးရွာဒေသခံတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို သူတို့မွေးမြူထားတဲ့ နွားနောက်တွေကို လှူဒါန်းခဲ့တယ်လို့  CDF ကန်ပက်လက်က ထုတ်ပြန်ထားပါတယ်။

ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းက ကျေးရွာတွေကို ကွင်းဆင်းချိန်မှာ ကြုံနေရတဲ့အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ပြောပြချိန်မှာ ဒေသခံလူထုက ငွေကြေးတချိုု့နဲ့ ချင်းရိုးရာနွားနောက်တွေကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ ဈေးကွက်အတွင်းမှာတော့ နွားထောက်အထီးတကောင်ကို ၁၅ သိန်းကနေ ၁၈ သိန်းဝန်းကျင်အထိ ပေါက်ဈေးရှိနေတာလည်းဖြစ်ပါတယ်။

အခုလို ဒေသခံတွေအမြတ်တနိုးမွေးမြူထားတဲ့ နွားနောက်တွေကို လှူဒါန်းပေးမှုကြောင့် အချိန်တိုအတွင်း အကောင်ရေ ၆၀ ကျော်ထိ လက်ခံရရှိထားရကြောင်းနဲ့ အတိုင်းမသိဝမ်းမြောက်ကြောင်း Chin Defence Force -Kanpetlet  က ဖေဖော်ဝါရီ ၁၇ ရက်ကထုတ်ပြန်ထားပါတယ်။