ကန့်ဘလူနယ်ခံ အမျိုးသားနှစ်ဦးကို စစ်အုပ်စုက မီးရှို့သတ်ဖြတ်

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ထန်းကုန်းတိုက်နယ်က နယ်ခံ  အမျိုးသားနှစ်ဦးကို အကြမ်းဖက်စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

စစ်အုပ်စုက သတ်ဖြတ်ခဲ့တဲ့အဲ့ဒီအမျိုးသားနှစ်ဦးဟာ စစ်ရှောင်တွေဖြစ်တယ်လို့ ဒေသခံတချို့နဲ့ ဒေသတွင်း တော်လှန်ရေး အင်အားစုတချို့ကပြောတာရှိသလို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေ လည်းရှိနေပါတယ်။

DNA နဲ့အဆက်အသွယ်ရခဲ့တဲ့ ကန့်ဘလူနယ်ခံ စစ်ရှောင်တဦးကတော့ သတ်ဖြတ်ခံရသူတွေဟာ စစ်ရှောင် တွေ ဖြစ်ပြီးရွာကို စောင်ပြန်ယူချိန်မှာစစ်အုပ်စုစစ်ကြောင်းနဲ့တွေ့ပြီး မီးရှို့သတ်ဖြတ်ခံလိုက်ရတာလို့ ပြောပါတယ်။

“မိသားစုက ညပိုင်းဆိုတော့ နည်းနည်းအေးတယ်လေ၊ ရုတ်တရတ် စစ်ရှောင်ရတာဆိုတော့ တောထဲကို စောင်ထုတ်တို့ အင်္ကျီထုပ်တွေက မေ့နေခဲ့တာ၊ အဲဒါကိုရွာပြန်ယူရင်နဲ့ စစ်ကြောင်းနဲ့တွေ့ပြီး အသတ်ခံရတာပါ၊ စစ်ရှောင်နေရတဲ့ ဒေသခံအမျိုးသား ၂ ဦးပါ ” လို့ သူကပြောပါတယ်။

ကန့်ဘလူနယ်ကိုင်းရိုးရွာအနီးကတောတိုက်ထဲမှာ စစ်ရှောင်ရင်းနေထိုင်တဲ့ အသက် ၂၂နှစ် နဲ့ ၃၂ နှစ်အရွယ် အမျိုးသားနှစ်ဦးကို စစ်အုပ်စုက  သူတို့စီးလာတဲ့ဆိုင်ကယ်တွေနဲ့ အတူ ထွန်စက်ပေါ်တင်ကာ မီးရှို့သတ်ဖြတ်ခဲ့ပြီး ရုပ်အ လောင်းတွေကို ဖေဖော်ဝါရီ ၁၇ရက် မနေ့က မနက်ပိုင်းမှာတွေ့ကြရတယ်လို့ ကျွန်းလှကန့်ဘလူတက် ကြွလှုပ်ရှား သူ များ အဖွဲ့က လည်း ဆိုထားပါတယ်။

ကန့်ဘလူဒေသတွင်းတော်လှန်ရေးသတင်းတွေဖော်ပြပေးနေတဲ့ Infinity Group ကတော့ သတ်ဖြတ်ခံရပြီးသေ ဆုံးသွားသူတွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ဘယ်အဖွဲ့က တပ်ဖွဲ့ဝင်တွေဖြစ် တယ်ဆိုတာ DNA က ဆက်သွယ်မေးမြန်းပေမယ့် မသိရသေးဘူးလို့ အဲ့ဒီအဖွဲ့ကပြောပါတယ်။

ကန့်ဘလူမြို့နယ် တောင်ခြိမ်းသိန်ရင်ဆည်အနီး တဝိုက်ကျေးရွာတွေကို စစ်ကောင်စီက အခုလ ဖေဖော်ဝါရီ ၁၄ ရက်ကစလို့ စစ်ကြောင်းထိုးနေတာလို့သိရပါတယ်။အဲ့ဒီလိုစစ်ကြောင်းထိုးနေတာကြောင့် ထန်းကုန်းတိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ်အတွင်း ကျေးရွာနှစ်ဆယ်နီးပါးက ပြည်သူ တသောင်းခွဲလောက် ထွက်ပြေးတိမ်းရှောင်နေရ တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မနေ့က မနက်ပိုင်းကစပြီး ကန့်ဘလူခရိုင်၊ထန်းကုန်းတိုက်နယ်  အင်းလယ်ကြီးရွာရောက်နေတဲ့ စစ်အုပ်စုနဲ့ ပျူအပေါင်းအပါ အင်အား ၁၂၀ လောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပသ်ခတ်ပြီး အနီးနားကကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး စစ်ရှောင်တွေဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ကြုံတွေ့နေကြရတယ်လို့ ဒေသခံတဦး က DNA ကိုပြောပါတယ်။

” လှည်းနဲ့ထွက်ပြေးနိုင်တဲ့လူကတော့ စားဖို့ပါတာပေါ့၊မပါတဲ့လူအတွက်လည်း ဘေးနားကလူတွေက ဝိုင်းဖြေရှင်းပေးကြရတာပေါ့၊တောထဲမှာ နီးစပ်ရာကို အဆင်ပြေသလိုနေကြရတာပေါ့၊အဓိကပြသာနာက ဆန်မလုံလောက်တဲ့အတွက် စစ်ကြောင်းနဲ့ ဝေးတဲ့ရွာတွေကတော့ ပြန်ကပ်ရတာပေါ့၊အန္တရာယ်ရှိတာသိပေမယ့် စားဖို့လိုအပ်နေတော့ ဒီလိုမေးမြန်းပြီး ရွာကိုပြန်ကပ်တဲ့လူတွေလည်းရှိတယ် ” လို့ သူကပြောပါတယ်။

လက်ရှိကန့်ဘလူနယ်ကို စစ်ကြောင်းထိုးနေတာက စစ်အုပ်စုရဲ့ ခြေမြန်တပ်ရင်း ၃၆၈ နဲ့ ပျူစောထီးအဖွဲ့တွေဖြစ်သလို ကလေးငယ် တဦးနဲ့ အမျိုးသမီးတဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ဆိုပါတယ်။