အာဏာသိမ်းပြီးနောက် စစ်အုပ်စုသတ်ဖြတ်လို့သေဆုံးရတဲ့ အရပ်သားသုံးထောင်အထိရှိလာ

စစ်တပ်က အာဏာသိမ်းပြီးနောက် နည်းလမ်းအမျိုးမျိုးနဲ့သတ်ဖြတ်လို့ သေဆုံးခဲ့တဲ့အရပ်သားပြည်သူ သုံးထောင် အထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPက ဖေဖော်ဝါရီ (၁၇)ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက်ပစ်ခတ် သတ်ဖြတ် ရာကစလို့ နေပြည်တော်က ဆန္ဒပြပွဲအတွင်း မမြသွဲ့သွဲ့ခိုင်ဟာ နွေဦးတော်လှန်ရေးကာလ ပထမဆုံးကျဆုံးတဲ့ ပြည်သူဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက် အာဏာသိမ်းစစ်တပ်က ဆန္ဒပြတွေအတွင်း ပစ်ခတ်တာ၊ဖမ်းမိသူတွေကို စစ်ကြောရေးမှာ ညှင်းပန်း နှိပ်စက်သတ်ဖြတ်တာ၊လက်နက်ကိုင်တော်လှန်ရေးပေါ်ပေါက်လာချိန်မှာ ကျေးရွာတွေထဲ စစ်ကြောင်းထိုးရင်း ဒေသခံပြည်သူတွေကို သတ်ဖြတ်တာ စတာတွေကြောင့် သေဆုံးပြည်သူ သုံးထောင်အထိရှိလာတာဖြစ်ပါတယ်။

 

အဲ့ဒီအချက်အလက်ဟာ AAPP ကအတည်ပြုကောက်ယူထားနိုင်တဲ့အချက်အလက်တွေအရ ဖော်ပြတဲ့ အရေ အတွက်သာဖြစ်ပြီး မြေပြင်မှာ အခုထက် ပိုများနိုင်တယ်လို့လည်း AAPP ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ဖေဖော်ဝါရီ ၁၃ရက်က ခင်ဦးမြို့နယ် လက်ပံလှကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးချိန် နေ အိမ်တွေကိုမီးရှို့ရာမှာ မပြေးနိုင်ဘဲ သေဆုံးခဲ့ရတဲ့ အသက် ခုနစ်ဆယ်အရွယ် ရွာခံ သီလရှင်ဟာလည်း အာဏာ သိမ်းပြီးနောက် သေဆုံးရတဲ့ ပြည်သူသုံးထောင်ထဲမှာပါဝင်ပါတယ်။

အာဏာသိမ်းပြီးနောက် သေဆုံးပြည်သူ သုံးထောင်ရှိပြီလို့မနေ့က AAPP က ထုတ်ပြန်အပြီးမှာ ရန်ကုန်အခြေစိုက် ပြင်သစ်နိုင်ငံသံရုံးက သံအမတ်ကြီး Mr.Christian Lechervy က သေဆုံးခဲ့သူတွေနဲ့ ပျောက်ဆုံးသွားသူတွေကို နှင်းဆီးပန်းချဂုဏ်ပြုခဲ့တယ်လို့ ပြင်သစ်သံရုံးက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်ကတော့ အာဏာသိမ်းမှုဆန့်ကျင်သူတွေရဲ လုပ်ကြံသတ်ဖြတ်မှုနဲ့ ပစ်ခတ်မှုတွေကြောင့် ဌာနဆိုင် ရာဝန်ထမ်းတွေ၊အုပ်ချုပ်ရေးမှူးတွေနဲ့ အရပ်သားတွေအပါအဝင် စုစုပေါင်း ငါးထောင်ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရ သူ လေးထောင်ကျော်ရှိတယ်လို့ ပြောဆိုထားပါတယ်။