စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်ခံ ပြည်သူအုပ်ချူပ်ရေးအဖွဲ့တွေကို တရားဝင်အခွန်ဆောင်ထားခြင်းမရှိဘဲ သယ်ယူနေတဲ့ သစ်နဲ့သစ်ခွဲသားတွေကို ဖမ်းဆီးရမိပါက ဆုချီးမြင့်မယ်လို့ ယင်းမာပင် ပကဖ တာဝန်ခံ ကိုဇော်ထူးအောင် က DNA ကိုပြောပါတယ်။
NUG အစိုးရ ဝန်ကြီးဌာနလမ်းညွှန်ချက်အရ တော်လှန်ရေး ကာလ စစ်ကိုင်းတိုင်းအတွင်း သစ်နဲ့ပက်သက်ပြီး တရားမဝင် ရောင်းဝယ်ခြင်း၊ ရွေ့ပြောင်းခြင်းမလုပ်နိုင်ဖို့ ရည်ရွယ်ပြီးအခုလိုလုပ်ဆောင်တာလို့ သူကဆိုပါတယ်။
“စစ်ကိုင်းတိုင်းက သုံးပုံနှစ်ပုံလောက်က မီးရှို့ခံထားရတယ်၊ တော်လှန်ရေး ကာလအလွန်မှာ သစ်တွေနဲ့ ပြန်လည်ထူထောင်ရေးတွေ မီးဘေးသင့်ပြည်သူတွေကို ပြန်လည်မျှဝေမယ်ဆိုတဲ့ လုပ်ဖို့အတွက် သစ်တွေကို ထိန်းသိမ်းဖို့ လုပ်တာပါ ” လို့ သူကပြောပါတယ်။
မြို့နယ်သယံဇာတ ထိန်းသိမ်းရေး အဖွဲ့တွေထံကို ပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသတွင်း PDF တွေက ဖမ်းဆီးရမိတဲ့ သစ်တွေအပ်နှံပါက ဖမ်းမိတဲ့သစ်ရဲ့ ၂၀ ရာခိုင်နှုန်းကို ဆုအဖြစ်ချီးမြင့်ပေးသွားမယ်လို ဆိုပါတယ်။
“မြေပြင်မှာ တော်လှန်ရေးအဖွဲ့တွေမှာလည်း ရန်ပုံငွေလိုအပ်ချက်ရှိတယ်၊ဒါကိုဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ပူးပေါင်း ဆောင်ရွက်မှုအားကောင်းလာဖို့အတွက် ဆုချီးမြင့်မယ်ဆိုတာကို သတ်မှတ်လိုက်တာပါ ” လို့ ကိုဇော်ထူးအောင်က ပြောပါတယ်။
သက်ဆိုင်ရာ ပကဖတွေက ထုတ်ပေးတဲ့ အခွန်တော်နဲ့ ဒဏ်ကြေးဖြတ်ပိုင်းပါမှသာ မြို့နယ်အတွင်းသစ်နဲ့ ပက်သက်ပြီး သယ်ယူ၊ ရောင်းချတာ လုပ်နိုင်မယ်လို့သူကပြောပါတယ်။
“သစ်တောထွက်ပစ္စည်း ၁၂ မျိုးသတ်မှတ်ပေးထားတယ်၊အဲဒီပစ္စည်းတွေကို အခွန်တော်ပေးဆောင်ပြီး ရောင်းဝယ်ဖောက်ကားနိုင်အောင်လုပ်ပေးထားတယ်၊အဓိကတော့ တချို့ဒေသတွေမှာ ဝါးလိုအပ်တယ်ဆိုရင် သင့်တင့်တဲ့နှုန်းထားနဲ့ ဖြတ်သွားမယ်ဆိုရင် ဝန်ကြီးဌာနကိုလည်း အခွန်ပေးဆောင်ပြီးဖြစ်သွားမှာပေါ့ ” လို့ သူကပြောပါတယ်။
ယင်းမာပင်မြို့နယ်အတွင်းမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်မှုကောင်းသလို NUG အစိုးရရဲ့ လမ်းညွှန်မှုအတိုင်း ဆက်လက်ဆောင်ရွက်တာလို့ သူကပြောပါတယ်။
ယင်းမာပင် မြို့နယ်အတွင်းမှာ အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းရှိပြီး တရားမဝင် သစ်ခိုးထုတ်မှုတွေ မကြာမကြာဖြစ်လေ့ရှိပါတယ်။လက်ရှိမှာ အဲ့ဒီသစ်တောကြိုးဝိုင်းကိုလည်း ဒေသကာကွယ်ရေးတပ်တွေက ထိန်းသိမ်းနေပြီး ခိုးထုတ်ထားတဲ့ သစ်တွေကိုလည်း မကြာမကြာ ဖမ်းဆီးရမိလေ့ရှိပါတယ်။