တရုတ်၊ တောင်အာဖရိက ရေတပ်တွေနဲ့ ပူးပေါင်းလေ့ကျင့်ချိန်မှာ ဟိုက်ပါဆောနစ် ဒုံးကျည်စမ်းမယ့် ရုရှား

တရုတ်၊ တောင်အာဖရိက နိုင်ငံတွေနဲ့ ရေတပ်ချင်း ပူးပေါင်း စစ်ရေးလေ့ကျင့်မှုမှာ ရုရှားက Zicon အမျိုးအစား မျိုးဆက်သစ် ဒုံးကျည်တစ်စင်း စမ်းသပ်သွားမယ်လို့ သိရပါတယ်။

 ဖေဖော်ဝါရီ ၁၄ ရက်က ရုရှားရေတပ်ရဲ့ Admiral Gorshkov ဖရီးဂိတ် စစ်သင်္ဘောဟာ အိန္ဒိယ သမုဒ္ဒရာကိုဖြတ်ပြီး တောင်အာဖရိက နိုင်ငံရဲ့ ကိပ်တောင်း ဆိပ်ကမ်းကို ဆိုက်ရောက်လာခဲ့ပါတယ်။ အဲဒီ စစ်သင်္ဘောကြီးရဲ့ ကိုယ်ထည်မှာတော့ ယူကရိန်း ကျူးကျော်စစ်ပွဲမှာ ရုရှားတပ်တွေ ရေးသားလေ့ရှိတဲ့ အထိမ်းအမှတ် သင်္ကေတ Zနဲ့ V စာလုံးတွေကို ရေးထိုးထားတာ တွေ့ရပါတယ်။

 ရုရှားစစ်သင်္ဘော ဆိုက်ရောက်တဲ့ နေ့မှာပဲ စစ်ပွဲကို ဆန္ဒပြတဲ့ အနေနဲ့ ရွက်လှေငယ်တစ်စီးဟာ ယူကရိန်း အလံကိုလွှင့်ပြီး Admiral Gorshkovနားကနေ ဖြတ်သန်း ခုတ်မောင်းပြခဲ့ပါတယ်။

 ၃ နိုင်ငံ ပူးပေါင်းပြုလုပ်မယ့် Mosi II စစ်ရေးလေ့ကျင့်မှုဟာ ၁၀ ရက် ကြာမြင့်မှာ ဖြစ်သလို ယူကရိန်းကို ရုရှားက ကျူးကျော်စစ်ပွဲ အစပြုခဲ့တဲ့ နှစ်ပတ်လည်နေ့၊ ဖေဖော်ဝါရီ ၂၄ ရက်နဲ့လည်း တိုက်ဆိုင်နေမှာပါ။

 

Admiral Gorshkovမှာ Zircon ဟိုက်ပါဆောနစ် ဒုံးကျည်တွေ တပ်ဆင်ထားပြီး အခုစစ်ရေးလေ့ကျင့်မှုအတွင်း ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်ခတ်မယ်လို့ ရုရှား သတင်းဌာန Tassက ဖော်ပြထားပါတယ်။ ဒါဟာ Zircon ဒုံးကျည်ကို နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုမှာ ပထမဆုံးအကြိမ် စမ်းသပ်မှုလည်း ဖြစ်လာမှာပါ။

 ရုရှားဟာ သူတို့ရဲ့ နောက်ဆုံးပေါ် Zircon ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တား ပစ်ချလို့ မရတဲ့ စစ်လက်နက်တွေလို့ ကြွေးကြော်ထားပါတယ်။ ဇန်နဝါရီ ၄ ရက်ကမှ ရုရှားစစ်တပ်မှာ တရားဝင် မိတ်ဆက် အသုံးပြုတဲ့ ဒုံးကျည်တွေဟာ အမြင့်ဆုံးမြန်နှုန်းအဖြစ် Mach 9 အထိ၊ တစ်နည်းအားဖြင့် အသံထက် ၉ ဆမြန်အောင် ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီဒုံးကျည်ဟာ နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်နိုင်သလို ကီလိုမီတာ ၁၅၀၀ အကွာအဝေးလောက်ထိ ခရီးပေါက်နိုင်တယ်လို့ သိရပါတယ်။

 ရုရှားက ယူကရိန်း စစ်ပွဲကြောင့်၊ တရုတ်က သူတို့ရဲ့ မိုးပျံပူဖောင်း ပစ်ချခံရတာကြောင့် အမေရိကန်နဲ့ ဆက်ဆံရေးကဏ္ဍ အသီးသီး တင်းမာနေချိန်မှာ အခုလို ပူးပေါင်း စစ်ရေး လေ့ကျင့်ကြတာ ဖြစ်ပါတယ်။ Mosi IIမှာတော့ Admiral Gorshkovအပြင် ရုရှားရဲ့ ဆီဖြည့် သင်္ဘောကြီးတစ်စီး၊ တောင်အာဖရိကရဲ့ ဖရီးဂိတ် စစ်သင်္ဘောတစ်စီးနဲ့ တရုတ်က စေလွှတ်တဲ့ ဖရီးဂိတ်တစ်စီး၊ ဖျက်သင်္ဘောတစ်စီးနဲ့ ထောက်ပံ့ရေး သင်္ဘောတစ်စီးတို့ ပူးပေါင်း ပါဝင်ကြမယ်လို့ တောင်အာဖရိက စစ်ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။