တိုင်းရင်းဆေးဖော်ဖို့ ရည်ရွယ်ထားတဲ့ ကြောင်အသေကောင် ၂၀၀၀ လောက်ကို ဗီယက်နမ်မှာ သိမ်းဆည်းရမိ

တိုင်းရင်းဆေး ဖော်စပ်ရာမှာ အသုံးပြုဖို့ ရည်ရွယ် စုဆောင်းထားတဲ့ ကြောင်အသေကောင် ၂၀၀၀ လောက်ကို ဗီယက်နမ် ရဲတပ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

 ဖေဖော်ဝါရီ ၁၆ ရက်က မဲခေါင်မြစ်ဝှမ်းမှာရှိတဲ့ ဒေါင်သပ်ဒေသက သားသတ်ရုံ တစ်ခုမှာ ကြောင်အသေကောင်တွေကို အစုလိုက်အပြုံလိုက် ရှာတွေ့ခဲ့တာလို့ ရဲတွေက ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် အသက်ရှင်နေသေးတဲ့ ကြောင် ၄၈၀ လောက်ကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။

 ကြောင်အသေကောင်တွေကို အေးခဲထားပြီး ဗီယက်နမ် မြောက်ပိုင်းဆီ တင်ပို့ဖို့ ရည်ရွယ်ထားတယ်လို့ ယုံကြည်ရပါတယ်။

 ဗီယက်နမ်မှာတော့ ကြောင်တွေရဲ့ အရိုးနဲ့ ဖော်စပ်တဲ့ တိုင်းရင်းဆေးတွေဟာ ပန်းနာရင်ကျပ်နဲ့ အဆစ်ရောင် ရောဂါတွေကို ကုသရာမှာ အစွမ်းထက်တယ်လို့ အယူရှိကြပါတယ်။

ဗီယက်နမ်မှာ ခွေးသား၊ ကြောင်သား စားသုံးမှုတွေကို တရားဝင် ခွင့်ပြုထားပါတယ်။ ဆိုင်တော်တော်များများမှာ ခွေးသား၊ ကြောင်သားဟင်းတွေ ရောင်းချပေမယ့် အဲဒီ အသားတွေရဲ့ အရင်းအမြစ်ကို ဖော်ထုတ် အသိအမှတ်ပြုတဲ့ ထောက်ခံချက်တွေတော့ ပြသရပါတယ်။

 ပြီးတော့ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံမှာ တရားမဝင် သားရိုင်းတိရစ္ဆာန် ရောင်းဝယ် ဖောက်ကားမှုတွေအတွင်း ကြောင်တစ်သန်းလောက် နှစ်စဉ် ထိခိုက် သေဆုံးနေတယ်လို့ Four Paws International အဖွဲ့က ခန့်မှန်းထားပါတယ်။

 ရဲတွေ စီးနင်းရှာဖွေတဲ့ သားသတ်ရုံကတော့ ကြောင်တွေကို သတ်ဖြတ်ရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အာဏာပိုင်တွေဆီ တင်ပြမထားတဲ့အပြင် ကြောင်တွေရဲ့ ရင်းမြစ် မှတ်တမ်းတွေလည်း မရှိဘူးလို့ ဆိုပါတယ်။

 ဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲတွေက ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးမထားသေးပါဘူး။ ဗီယက်နမ်မှာတော့ အစားအသောက်အတွက် မဟုတ်ဘဲ တောရိုင်းတိရစ္ဆာန်တွေကို သတ်ဖြတ်မှုမှာ တိုင်းရင်းဆေး ဖော်စပ်ဖို့ ကုန်ကြမ်း လိုအပ်ချက်က အဓိက အကျဆုံး အကြောင်းတရားတစ်ခုအဖြစ် ရှိနေပါတယ်။