မြိတ်မှာ PDF ဝင်တိုက်လို့ စစ်ကောင်စီတပ်သားတဦးသေ

ဖေဖော်ဝါရီ၊ (၁၇)

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာလမ်းဆုံက စစ်ကောင်စီကင်းစခန်းတခုကို ဒီကနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) နံနက်အစောပိုင်းက PDFကဝင်ရောက်တိုက်ခိုက်ခဲ့တာ စစ်ကောင်စီဘက်ကတဦးသေ၊တဦးဒဏ်ရာရပြီး သေနက်တလက်သိမ်းဆည်းရမိတယ်လို့သိရပါတယ်။

စစ်ကောင်စီရဲ့ ခလရ (၁၀၁)တပ်ဖွဲ့ဝင်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေအပါအဝင် အင်အား ၃၀ ကျော်ရှိတဲ့  တုံးဗျောကျေးရွာလမ်းဆုံက ကင်းစခန်းကို နံနက် ၅ နာရီကျော်လောက်မှာ မြိတ်ခရိုင်တပ်ရင်း(၂)၊ မြိတ်(ပ.က.ဖ)၊ ဘက်မလိုက်ပြောက်ကျေားတပ်ဖွဲ့နဲ့ မဟာမိတ် တပ်ပေါင်းစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

တနာရီနီးပါးကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တဦးသေဆုံး၊တဦးဒဏ်ရာရရှိခဲ့တဲ့အပြင် သေနတ်တစ်လက်ပါသိမ်းဆည်းရမိခဲ့တယ်လို့ မြိတ်မြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက DNA ကို ပြောပါတယ်။

“ မနက်အစောပိုင်းပေါ့။ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ပစ်တာ။ အလစ်ပေါ့။ဝင်ပစ်တော့ ဒီကောင်တွေ ပြေးလဲပြေး၊ ပစ်လဲပစ်၊  သေတယ်၊ သေတယ်၊ သူတို့ဘက်က တယောက် သေတယ်။တဦးဒဏ်ရာရတယ်။MA -1 တလက်ရခဲ့တယ်။ကျွန်တော်တို့တပ်ပေါင်းစု ဘက်တော့ အထိခိုက်မရှိဘူး။” ဟု ၎င်းကပြောပါတယ်။

ဒါအပြင် ပစ်ခတ်မှုဖြစ်ပွားတဲ့အချိန်မှာ စစ်ကောင်စီဘက်က ကားလမ်းပိုင်းကို ခေတ္တပိတ်လိုက်တဲ့အပြင် ဇဝဲရွာရှိ စစ်ကောင်စီ အမြောက်တပ် ကနေလည်း ကျေးရွာတွေဘက်ကို လက်နက်ကြီး နဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ပစ်ပြီးတဲ့အချိန်မှာ ကားလမ်းတချက်ပိတ်သွားတယ်၊ ဘယ်သူမှ မသွားရဲတာပါ။ အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်တာ၊ ခန့်မှန်းပြီး ပစ်တာပဲ။မနက် ၁၀ နာရီလောက်အထိပစ်တယ်။အဲဒါပြီးတော့ စစ်သားတွေ ထပ်ရောက်လာသေးတယ်။ အဲဒီနေရာကိုလေ၊ လိုက်ရှာနေ တာပေါ့။” ဟု ၎င်းက ပြောပါတယ်။

တုံးဗျောကျေးရွာက မြိတ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ်အစပ်ကြားမှာရှိတဲ့ ကျေးရွာဖြစ်ပြီး စစ်တပ်ထောက်ခံသူများတဲ့ ကျေးရွာတစ်ခု ဖြစ်တဲ့အပြင် ပျူစောထီးအဖွဲ့ဝင်အားကောင်းတဲ့ ကျေးရွာဖြစ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏဝင်ရောက် တိုက်ခိုက်လေ့ရှိတယ်လို့ မြိတ် PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါကြောင့် ယနေ့တိုက်ပွဲဖြစ်ပွားချိန်မှာလည်း ဒေသခံအနည်းစုကသာ ထွက်ပြေးခဲ့ကြပြီး ကျန်တဲ့အများစုကတော့ မိမိနေအိမ်မှာပဲ ပုန်းခိုနေကြတယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ၊နိုဝင်ဘာလ ၂၂ ရက်ကလည်း တုံးဗျောကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦးနဲ့ ဒုအရာခံဗိုလ်တဦးသေဆုံးပြီး တပ်သား ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

Photo – CJ