အခါလွန်မိုးကြောင့် ရန်ကုန်မှာ နာရီပိုင်းအတွင်း သစ်ပင်လဲပြိုမှု ခြောက်ခုဖြစ်

မိုးသီးတွေကြွေကျခဲ့သလို လေပြင်းတွေလည်း တိုက်ခိုက်ခတ်ခဲ့တဲ့ အခါလွန်မိုးရွာသွန်းပြီးနောက် နာရီပိုင်းအတွင်း ရန်ကုန်က မြို့နယ်သုံးခုမှာ သစ်ပင်လဲပြိုမှုခြောက်ကြိမ်အထိ ဖြစ်ခဲ့တယ်လို့ မီးသတ်ဌာနရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မနေ့ကနဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်တို့ နှစ်ရက်ဆက် ရန်ကုန်ကမြို့နယ်တွေမှာ အခါလွန်မိုးရွာသွန်းခဲ့ပြီး ဒီကနေ့မှာ မိုးသီးတွေပါကြွေခဲ့တာပါ။

အဲ့ဒီလို မိုးရွာသွန်းပြီးနောက် နှစ်နာရီမပြည့်ခင်အချိန်အတွင်း သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွန့်နဲ့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)တို့မှာ တမြို့နယ်ကို နှစ်ကြိမ်စီနဲ့ သစ်ပင်လဲပြိုကျမှု ခြောက်ကြိမ်အထိ ဖြစ်ခဲ့တာပါ။

မီးသတ်ဌာနရဲ့ ထုတ်ပြန်ချက်တွေအရ အဲ့ဒီသစ်ပင်လဲပြိုမှုတွေအတွင်း လူနဲ့ အဆောက်အအုံ ထိခိုက်ပျက်စီးမှုရှိတာတော့ မတွေ့ရပါဘူး။

ဒါပေမယ့် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ (၂၉)ရပ်ကွက်၊ ကမ်းနားလမ်းကဖြစ်စဉ်မှာတော့ လေပြင်းတိုက်ခတ်မှုကြောင့် လဲကျခဲ့တဲ့သစ်ပင်ဟာ ရပ်ထားတဲ့ Honda Fit ကားပေါ်ပိနေလို့ ဖယ်ရှားပေးခဲ့ရသလို မင်္ဂလာတောင်ညွန့်မြို့နယ်၊ သမိန်ဗရမ်းလမ်းက CNG အရောင်းဆိုင်အတွင်း သစ်ပင်ပြိုလဲတဲ့ဖြစ်စဉ်မှာလည်း တက္ကစီ တစီးအပေါ်  သစ်ပင်လဲကျခဲ့လို့ တက္ကစီကား ထိခိုက်ပျက်စီးနေတာ တွေ့ရပါတယ်။

ဒါ့အပြင် ရန်ကုန်စည်ပင်နယ်နိမိတ်ပြင်ပက တိုက်ကြီးမြို့နယ်၊ တိုက်ကြီး-ပဲခူး လမ်းမကြီးပေါ်မှာလည်း ဒီကနေ့ နေ့လယ် သုံးနာရီဝန်းကျင်မှာ သစ်ပင်လဲပြိုကျမှုဖြစ်လို့ ဖယ်ရှားခဲ့ရပါသေးတယ်။ 


Photo – MFSD