ဂိုးသွင်းအကောင်းဆုံး ဘောလုံးရာသီ စံချိန်ဟောင်းကို လိုက်မှီခဲ့တဲ့ ရက်ရှ်ဖို့ဒ်

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကက်စ် ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် သက်တမ်းတလျှောက် ဂိုးသွင်းအများဆုံး ဘောလုံးရာသီက စံချိန်ဟောင်းကို ပြန်လိုက်မီခဲ့ပြီ ဖြစ်ပါတယ်။

ဒီရာသီမှာ တောက်လျှောက်​ ခြေစွမ်းပြလာခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာနဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ယူနိုက်တက်အတွက် ပထမဂိုးကို ထပ်မံ သွင်းယူနိုင်ခဲ့ပြန်ပါတယ်။ ဒါကြောင့် ရက်ရှ်ဖို့ဒ်ရဲ့ လက်ရှိရာသီ သွင်းဂိုးဟာ ၂၂ ဂိုးထိ ရှိလာခဲ့ပြီး ၂၀၁၉-၂၀ ဘောလုံးရာသီတုန်းက အကောင်းဆုံး သွင်းဂိုးစံချိန်ကို အမီပြန်လိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီတုန်းက ရက်ရှ်ဖို့ဒ်ဟာ ၂၂ ဂိုးသွင်းဖို့ ၄၄ ပွဲ ကစားခဲ့ရပြီး အခုရာသီမှာတော့ ၃၅ ပွဲတည်း ကစားပြီးချိန်မှာ အဲဒီ ဂိုးအရေအတွက်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင်ဟာ ယူနိုက်တက်အတွက် ၁၆ ပွဲမှာ ၁၄ ဂိုးထိ သွင်းနိုင်ခဲ့ပါတယ်။

နူးကမ့်မှာ ဘာစီလိုနာနဲ့ မကစားခင်တုန်းက ဘာစီလိုနာ မန်နေဂျာ ရှာဗီ ဟာနန်ဒက်ဇ် ကိုယ်တိုင်က ရက်ရှ်ဖို့ဒ်ဟာ လောလောဆယ် ဥရောပတိုက်ရဲ့ အန္တရာယ် အပေးနိုင်ဆုံး တိုက်စစ်သမားတစ်ယောက် ဖြစ်လာနေပြီလို့ မှတ်ချက် ပေးခဲ့ဖူးပါတယ်။ ဒီစကားဟာ မလွန်ခဲ့သလို ဘာစီလိုနာ နောက်တန်းကို အချိန်တိုင်းလိုလို ရက်ရှ်ဖို့ဒ်က ခြိမ်းခြောက်သွားခဲ့ပါတယ်။

လက်ရှိ စွမ်းဆောင်ရည် အရတော့ ရက်ရှ်ဖို့ဒ်ကို ယှဉ်နိုင်သူ ရှားလိမ့်မယ်လို့ ယူနိုက်တက် ဂန္ထဝင် ကစားသမားဟောင်းကြီး ပေါလ်စခိုးလ်က မှတ်ချက်ပေးပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ တိုက်စစ်မှာ ဘယ်၊ ညာ၊ အလယ် နေရာစုံက ကစားနိုင်ပြီး ဘယ်နေရာမှာမဆို ပြိုင်ဘက်ကင်း အဆင့်လောက်နီးပါး ဖြစ်နေတယ်လို့လည်း စခိုးလ်က ဆိုပါတယ်။

ဘာစီလိုနာနဲ့ ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်ဟာ ကိုယ်တိုင် ဂိုးသွင်းခဲ့တဲ့အပြင် ဒုတိယဂိုးကလည်း သူ့ရဲ့ ဖြတ်တင်ပေးပို့မှုကို ဘာစီလိုနာ နောက်ခံလူ ဂျူးလ်စ်ခွန်ဒေး အသည်းအသန် တားဆီးရာက ကိုယ့်ဂိုးကိုယ် သွင်းမိစေခဲ့တာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ မြန်နှုန်းနဲ့ ကန်သွင်းမှုတွေဟာ ဘာစီလိုနာ ခံစစ်သမားတွေအတွက် အိပ်မက်ဆိုး ဖြစ်စေခဲ့သလို ပွဲပြီးခါနီးမှာ သူ့ကို ခပ်ကြမ်းကြမ်း တားဆီးတဲ့ ခွန်ဒေးကို ဒိုင်က အရေးမယူခဲ့တာနဲ့ ပတ်သက်လို့လည်း အငြင်းပွားစရာ အခြေအနေတချို့ ကြုံခဲ့ပါတယ်။

ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်ကတော့ ခွန်ဒေးဟာ ရက်ရှ်ဖို့ဒ်ကို သေချာပေါက် ပြစ်ဒဏ်ကျူးလွန်ခဲ့ကြောင်း၊ ပြစ်ဒဏ် ကျူးလွန်တဲ့ နေရာက ပင်နယ်တီ ဧရိယာ အတွင်းမှာလား၊ အပြင်မှာလား ဆိုတာကိုသာ ဆွေးနွေးဖို့ လိုမှာဖြစ်ကြောင်း၊ ဧရိယာ အပြင်ဖက်မှာဆိုရင် ခွန်ဒေးဟာ အနီကတ် ပြခံရသင့်ပြီး အတွင်းထဲမှာဆို ယူနိုက်တက်က ပင်နယ်တီ ရခဲ့သင့်ကြောင်း၊ ကွင်းလယ်ဒိုင်ဟာ ပွဲအပေါ်မှာသာ မကဘဲ လက်ရှိ ပြိုင်ပွဲအဆင့်မှာပါ ကြီးကြီးမားမား လွှမ်းမိုးသက်ရောက်မှု ရှိခဲ့တဲ့ အဲဒီလို အမှားမျိုးကို မကျူးလွန်သင့်ကြောင်း ဝေဖန် မှတ်ချက်ပေးသွားခဲ့ပါတယ်။

 

Ref: BBC