ဆိပ်ဖြူမှာ PDF စခန်းကို စီးနင်းပြီး ရွာတွေကိုစစ်ကြောင်းထိုးတာကြောင့် ဒေသခံ နှစ်သောင်းကျော်ထွက်ပြေးနေရ

မကွေးတိုင်း ၊ဆိတ်ဖြူမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကစပြီး စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကာကွယ်ရေးတပ်စခန်းတွေကို စီးနင်းခဲ့သလို ကျေးရွာတွေကိုပါ ပစ်ခတ်ခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ဆိပ်ဖြူမြို့နယ်၊ ကျားဘေးရွာ အနောက်ဘက်က PDF စခန်းတစ်ခုကို ပစ်ခတ်စီးနင်းခဲ့ပြီး စခန်းမှာ ဆုံးရှုံးမှုတွေလည်းရှိခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်းထုတ်ပြန်ထားပါတယ်။ အဲဒီပစ်ခတ်မှုမှာအရပ်သားပြည်သူနှစ်ဦးလည်း ထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနောက် စစ်ကောင်စီစစ်ကြောင်းဟာ ရွာအနီးတပ်စွဲပြီး အနီးအနားက ကျေးရွာတွေကို ပစ်ခတ်မှုတွေလုပ်သလို ရွာသားတွေကိုလည်းဖမ်းဆီးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာတွေကို စစ်ကြောင်းထိုးချိန်မှာ ပစ်ခတ်တာကြောင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ဒေသခံတွေ မွေးမြူထားတဲ့ နွားနဲ့ဆိတ်တွေကိုလည်း ပစ်ခတ်ခဲ့ပြီး နွားသုံးကောင်နဲ့ ဆိတ်အကောင်ရေ ၂၀ လောက်သေဆုံးတယ်လို့လည်း ဆိုပါတယ်။

“သူတို့ရွာထဲကို စဝင်လာကတည်းက လက်နက်ကြီးနဲ့ပစ်တယ်။ လက်နက်ကြီးက ရွာထဲကျတော့ ရွာသူ၊ ရွာသားတွေပြေးတယ်။ နှစ်ယောက်ထိတယ်။သေတော့မသေဘူး။ ကလေးမလေးတယောက် အရိုက်ခံရတယ်။ ကလေးက အသက်တောင်မပြည့်သေးပါဘူး။ ကလေးကလည်း ကြောက်တော့အကုန်ဖြေတာပေ့ါ။ PDF တွေရှိလား၊ ဘာလားပေါ့၊ အကုန်မေးတာ။ ရိုက်ထားတာ ကလေးမလေးမှာ ပါးတွေကို ယောင်ကိုင်းနေတာပဲ”လို့ ကျေးရွာဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ စစ်ကြောင်းပြန်ထွက်သွားပေမယ့် ဒေသခံနှစ်သောင်းကျော်ဟာ ကျေးရွာတွေထဲ မပြန်ရဲသေးဘူးလို့လည်း ဆက်ပြောပါတယ်။

” မနက် ၅နာရီလောက်မှာပြန်ထွက်သွားတာ၊ ဒါပေမယ့်လောလောဆယ်မပြန်ရဲသေးဘူး။ အားလုံးက အလွတ်ပြေးလာရတာဆိုတော့ ဘာမှမပါဘူး နီးစပ်ရာက ဆန်လေးဆီလေး မျှတာကို ချက်စားနေရတာ” လို့ ​ဆိတ်ဖြူမြောက်ပိုင်းက ကျေးရွာဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ ဒေသခံထောင်နဲ့ချီဟာ နီးစပ်ရာတောစပ်နဲ့ ရွာနီးချုပ်စပ်တွေကို နေထိုင်တိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း ဒေသခံတွေကို စားနပ်ရိက္ခာနဲ့ ဆေးဝါးနေရာထိုင်ခင်းတွေ ကူညီပေးနေပြီး  စစ်ရှောင်ဒေသခံတွေလည်း အကူအညီတွေ ဆက်လိုအပ်နေတယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။

Photo – We Love Seik Phyu Group