ရေတာရှည်တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်လို့ ကလေးတဦးသေဆုံး၊နှစ်ဦးဒဏ်ရာရ

ပဲခူးတိုင်း ရေတာရှည်မြို့နယ်ဒိုးတန်းနဲ့ ပင့်သီလာကျေးရွာကြားမှာ ဖေဖော်ဝါရီလ ၁၄ ရက်က ဒေသကာကွယ် ရေးတပ်နဲ့ စစ်အုပ်စုတိုက်ပွဲဖြစ်ရာက စစ်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်ထိမှန်လို့ လေးနှစ်အရွယ်ကလေး တ ဦးသေဆုံးပြီးသုံးဦးပြင်းထန်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

 ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ ‌ဒိုးတန်းနဲ့ ပင့်သီလာကျေးရွာကြားက စစ်တောင်းမြစ်ကူး ကူးတို့တံ တားပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးအင်အားစုကြား အချိန်တနာရီကြာတိုက်ပွဲဖြစ် ခဲ့တယ်လို့ ရေတာရှည်တော်လှန်ရေးသတင်းအရင်းအမြစ် Yedashe Township Information ကဖော်ပြပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆၀မမ လက်နက်ကြီးတွေပစ်ခတ်လို့ သာယာကုန်းရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အသက်လေးဆယ်အရွယ်အမျိုးတဦး လက်မောင်းထိမှန်ဒဏ်ရာရကာ သူမရဲ့သားဖြစ်သူ အသက်လေးနှစ်အရွယ်ကလေးငယ်ကတော့ နားထင်ကိုလက်နက်ကြီးစထိမှန်သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက DNAကိုပြောပါတယ်။

ဒါ့အပြင် ပင့်သီလာကျေးရွာက အသက်လေးဆယ်ဝန်းကျင်အရွယ် ဒေသခံအမျိုးသားတဦးလည်း ဗုံးသီးစထိမှန် ဒဏ်ရာတွေရခဲ့လို့ ရေတာရှည်ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့ဝင်တဦးက ပြော ပါတယ်။

စစ်ကောင်စီတပ်ဟာ ဒိုးတန်းကျေးရွာကစိတ်ကျန်းမာရေးမကောင်းတဲ့ ဦးကြည်လွင်ကို​လည်းဖမ်းဆီးခေါ် ဆောင်သွားသလို  ဒေသခံကျေးရွာသားတွေဆီကငွေသား (၈)သိန်းအပါအဝင်ဆွဲကြိုးနှစ်ကုံးနဲ့ လက်စွပ် တ ကွင်းကိုလည်းစစ်ကောင်စီတပ်သားတွေက ယူသွားတယ်လို့ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက်မနေ့ကစပြီး ရေတာရှည်မြို့တွင်းကို ရောက်ရှိနေတဲ့ဆွာ အခြေစိုက်စစ် ကောင်စီတပ်ရင်း ခမရ- ၁၉ ပူးပေါင်းတပ်ဖွဲ့က အင်အား ၇၀ ဝန်းကျင်နဲ့ ဒိုးတန်းကျေးရွာနဲ့ သာယာကုန်းကျေးရွာ တွေထဲစစ်ကြောင်းထိုးဝင်ရောက်တပ်စွဲထားတယ်လို့ဒေသခံတော်လှန်သတင်းအရင်းအမြစ် တဦးကပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲထားလို့ ဒိုးတန်း၊ ပင့်သီလာ၊ ဇရစ်ရိုးကုန်းနဲ့​မိချောင်းအိုင်စတဲ့ ကျေးရွာ ၄ ရွာက ဒေသခံ ၄၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ်။

ရေတာရှည် မြို့နယ် ၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းဒေသမှာ အခုလ ၈ရက်ကစပြီးစစ်ကောင်စီတပ် နဲ့ဒေသခံ တော်လှန်ရေးအင်အားစုတွေကြားစစ် စစ်ရေးတင်းမာနေတာကြောင့် နယ်မြေ ဧရိယာအတွင်း ဖြတ်သန်းသွား လာမှုမလုပ်ကြဖို့ ရေတာရှည်PDF က အသိပေးထားပါတယ်။