မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်အတွင်းက နေအိမ်တလုံးမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဦးသေဆုံးသွားတယ်လို့ လူမူကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တဲ့ အသင်းအဖွဲ့တွေဆီက သိရပါတယ်။
‘’ သေဆုံးတဲ့အမျိုးသမီးကတော့ ကျွန်တော်တို့နဲ့ မီးသတ်အဖွဲ့မီးငြှိမ်းနေတုန်း အိမ်ရဲ့အနောက်ဆုံးရေကန်နားလေးမှာ တွေ့တာ၊ ခြေထောက်လေးတခုတွေ့တော့ သွပ်ပြားတွေဖယ်ကြည့်တော့ အလောင်းကိုတွေ့တာပါ။ ကျွန်တော်တို့တွေ့ကတည်းက အသက်မရှိတော့ပါဘူး’’ လို့ မဟာလူမှုကူညီရေးအသင်းက တာဝန်ရှိသူက DNA ကိုပြောပါတယ်။ မီးလောင်မှုဖြစ်စဉ်ကို အတိအကျမသိသေးဘူးလို့လည်း သူကဆက်ပြောပါတယ်။
မီးလောင်မှုမှာတော့ အိမ်ခြေ ၄လုံးထက်မနည်း ဆုံးရှုံးပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် မီးလောင်ချိန်မှာ ဂါတ်အိုးပေါက်ကွဲသံပုံစံ ပေါက်ကွဲမှုတချို့ကိုလည်းကြားခဲ့ရပြီး မီးလောင်မှုကို Level (2) အဆင့် မီးသတ်ရေယာဉ်အုပ်စုနဲ့ တနာရီလောက် မီးငြိမ်းသတ်ခဲ့ရတာပါ။
ဒါအပြင် အဲဒီမီးလောင်ပြင်ကို ကူညီကယ်ဆယ်ရေး သွားရောက်ခဲ့တဲ့ လူမူရေးအသင်းအဖွဲ့ကား ၂ စီးကလည်း ၈၆လမ်းနဲ့ ၂၆ လမ်းထောင့်စျေးချိုနားတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါသေးတယ်။