ဝေါမြို့နယ်က စစ်တောင်းမြစ်ကမ်းနံဘေးရှိအိမ်ထောင်စု သုံးဆယ်ခန့်ကို စစ်တပ်ကအတင်းအကျပ်ဖယ်ရှားခိုင်း

ဖေဖော်ဝါရီ ၁၆

 

ပဲခူးတိုင်း ၊ဝေါမြို့နယ် ၊ကျွန်းရွှေဝါသောင်ကျေးရွာက စစ်တောင်းမြစ်ကမ်းနံဘေးရှိ အိမ်ထောင်စု ၂၇ စုကို ယခုဖေဖော်ဝါရီလကုန်အပြီး ဖယ်ရှားဖို့ စစ်တပ်က အတင်းအကျပ်ညွှန်ကြားထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဆိုပါ ကျွန်းရွှေဝါသောင်ကျေးရွာဟာ စစ်တောင်းမြစ်လက်တက်ဆုံရာ ဒေသဖြစ်တဲ့အပြင် မွန်ပြည်နယ် သိမ်ဇရပ်မြို့ မုက္ကမော့ကျေးရွာနဲ့ ရေကြောင်းအရ ထိစပ်နေတာကြောင့် စစ်ရေးအရ အရေးပါတဲ့အတွက် စစ်တပ်က အတင်းအကျပ်ဖယ်ရှားဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ကျွန်းရွှေဝါသောင်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

” မြစ်ကမ်းနံဘေးက အိမ်တွေကို အဓိကဖယ်ခိုင်းတာ၊ မြစ်နဲ့ဝေးတဲ့ ရွာအတွင်းထဲက အိမ်တွေမပါသေးဘူး​ပေါ့။ ဒါပေမဲ့ အဲ့မြစ်ကမ်းနားအိမ်တွေက နေလာတာ နှစ်ပေါင်းမနည်းတော့ဘူး၊ မုက္ကမော့နဲ့လည်းနီးတယ်၊ ရေကြောင်းအရအရေးပါလို့ တမင်ကို အတင်းရွေ့ခိုင်းတာ “လို့ သူက ပြောပါတယ်။

ဒါ့အပြင် ကျွန်းရွှေဝါသောင်ကျေးရွာက စစ်တောင်းမြစ်ကမ်းဘေးအနီးမှာ အိမ်ထောင်စု ၂၇ စုနဲ့ လူဦးရေ ၁၃၅ ဦးနေထိုင်နေကာ စစ်တပ်ကအတင်းအကျပ်ဖယ်ရှားပြီးပါက လက်နက်ကြီးအထိုင်ချဆောင်ရွက်ဖို့ ရှိနေတယ်လို့ ကျေးရွာဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

စစ်တပ်မှ နေအိမ်တွေကို အတင်းအကျပ်ဖယ်ရှားခိုင်းနေတဲ့အပေါ် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဝေါမြို့နယ်အုပ်ချုပ်ရေးမှူးထံ သနားခံစာတင်ပြခဲ့ပေမဲ့စစ်တပ်က ညွှန်ကြားထားတာကြောင့် ပြန်လည်ပယ်ချခံခဲ့ရတယ်လို့ နေအိမ်ဖယ်ရှားခံရတဲ့ ကျေးရွာဒေသခံတစ်ဦးက ဆိုပါတယ်။

” ရွာက အုပ်ချုပ်ရေးမှူးကို သွားပြောတယ်၊ မြို့နယ်ကို ကောစာနဲ့တင်ပြတယ်၊ စစ်တပ်ကညွှန်ကြားထားလို့ လက်မခံဘူးဆိုပြီး ပယ်ချခံခဲ့ရတယ်၊ ကျွန်တော်တို့ အနေနဲ့တော့ ဘာမှမတတ်နိုင်တော့ဘူး၊ သူတို့ခေတ်ဆိုတော့ ရွှေ့ဆိုတော့လည်း ရွှေ့ရတော့မှာပေါ့” လို့ သူကဆိုပါတယ်။

ဒါ့အပြင် ကျွန်းရွှေဝါသောင်ကျေးရွာအနီးက လက်ပံကျေးရွာနဲ့ အုတ်ဖိုကျေးရွာ အတွင်းမှာ ပြီးခဲ့တဲ့ဇန်နဝါရီလကစပြီး တပ်မ၇၇ လက်အောက်ခံ ခမရ ( ၈ ) တပ်ရင်းမှ အင်အား (၇၀) ဝန်းကျင်​ဖြင့် တပ်စွဲကာ လက်နက်ကြီးတပ်ဆင်ထားတဲ့အပြင် သိမ်ဇရပ်မြို့အနီးက မုက္ကမော့၊ ဝင်ကံ၊ ခရွှဲစသော ကျေးရွာများကိုပါ ညစဥ်ရမ်းသမ်းပစ်ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက် ည ၁၀ နာရီခွဲကျော်အချိန် အုတ်ဖိုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က သိမ်ဇရပ်မြို့အနီး ခရွဲကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ ပြုလုပ်ခဲ့တယ်လို့ ခရွဲကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

” လက်နက်ကြီးတွေ ရွာထဲက ရဲကင်းမှာ အထိုင်ချထားတယ်၊ ၁၂၀ မမ တို့ ၈၀ မမ တို့ဖြစ်မယ်၊ ပဲခူးကတပ်မ ၇၇ အင်အား ၃၀ နဲ့ လာပြီးတပ်စွဲထားတယ် ညတိုင်းကိုပစ်တာ အရင် ၁၂ ရက်က သိမ်ဇရပ်ဘက်ကို ပစ်တာတွေ့တယ်” လို့သူက ပြောပါတယ်။

 

ဒါ့အပြင်ဝေါ မြို့နယ်၊ မြစ်ကျိုးရဲစခန်းအတွင်းစစ်ကောင်စီတပ်အင်အားအင်အား၃၀ ဝန်းကျင်ဖြည့်တင်းကာလက်နက်ကြီးတပ်ဆင်ထားတာကြောင့် ဝေါမြို့ပေါ်ကို ဒေသခံဦးရေ ၅၀နီးပါး နေရာပြောင်းရွှေ့နေကြရတယ်လို့သိရပါတယ်။


Photo – Google