ကျောက်မဲမှာ အမွေကိစ္စ စကားများရာက မောင်နှမချင်းဓားခုတ်မှုဖြစ်၊အမျိုးသမီးနှစ်ဦးပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့မှာ မောင်နှမချင်း  အမွေကိစ္စစကားများရာက ဓားခုတ်မှုဖြစ်ခဲ့ပြီး အမျိုးသမီးနှစ်ဦး ပြင်းထန်ဒဏ်ရာတွေရခဲ့တယ်လို့ ဓားခုတ်ခံရသူတွေကို ကူညီပေးခဲ့တဲ့ မြို့ခံ 5-Star လူမှုကူညီရေးအသင်း တာဝန်ရှိသူက DNA ကိုပြောပါတယ်။

 ကျောက်မဲမြို့၊ (၁)ရပ်ကွက် အုတ်ကျင်းအနီး ဖေဖော်ဝါရီ ၁၅ရက် မနက်ပိုင်းက အမွေကိစ္စနဲ့ မောင်နှမချင်း စကားများရန်ဖြစ်ရာက အကိုဖြစ်သူကဓားနဲ့ခုတ်လို့  ညီမဖြစ်သူမှာ လက်ပြတ်ဒဏ်ရာ၊တူမဖြစ်သူမှာ ခေါင်းပေါက်ပြဲ ဒဏ်ရာတွေရခဲ့ပြီး ဒဏ်ရာပြင်းထန်တယ်လို့ 5-Star လူမှုကူညီရေး အသင်းတာဝန်ရှိသူက ပြောပါတယ်။

“အသင်းနဲ့အခုဖြစ်တဲ့နေရာကနီးတယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာတော့မသိဘူး၊ဒဏ်ရာတွေများလို့ မန္တလေးဆေး ရုံကြီးပို့ပေးလိုက်ရတယ်လို့”သူကပြောပါတယ်။

 ဓားနဲ့ခုတ်ခဲ့တဲ့ အသက်လေးဆယ်ဝန်းကျင် အရွယ် အကိုဖြစ်သူ ဦးလှိုင်ဝင်းကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး ကျောက်မဲမြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။ဓားခုတ်ခံရတဲ့ သားအမိနှစ်ဦးကတော့ လက်ရှိမှာ မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနမှာ ကုသမှုခံယူနေရတယ်လို့သိရပါတယ်။

Photo – 5 Stars လူမှုကူညီရေးအသင်း