နောင်ချိုမှာ PDF နဲ့ စစ်ကောင်စီ စစ်ရေးဆက်လက်တင်းမာနေ၊ဒေသခံတချို့ နေရပ်မပြန်နိုင်သေး

ရှမ်းပြည်နယ် နောင်ချိုမြို့အတွင်းက လုံခံရွာအနီးမှာ ပြည်သူကာကွယ်ရေး တပ်မတော် (မန္တလေး) နဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်ပြီး စစ်ရှောင်နေရတဲ့ ဒေသခံ တချို့လည်း နေရပ်မပြန်ရဲ ဖြစ် နေသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

MDYPDF နဲ့ စစ်အုပ်စုတို့ လုံခံရွာအနီးမှာအခုလဖေဖော်ဝါရီလ ၁၀ ရက်က နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာကြောင့်ဒေသခံတွေက နီးစပ်ရာ ကျေးရွာတွေနဲ့ ဟိုခိုဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။

” တိုက်ပွဲတွေဖြစ်တော့ ရွာကနေထွက်လာလိုက်တာ ဘာမှာယူမလာရဘူး၊အခုတော့ တိုက်ပွဲတွေမရှိဘူး၊ ဒါပေမယ့်ရွာထဲမှာ စစ်သားတွေရောက်နေလို့ အိမ်မပြန်ရဲသေးဘူး ” လို့ စစ်ရှောင်ပြည်သူ တဦးကပြောပါတယ်။

နောင်ချိုမြို့ အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် လုံခံ၊ နားခါး၊ ခေးနှင်း၊ ပိန်းညို့၊ ကုလားကွဲ စတဲ့ကျေးရွာ ငါးရွာလောက်က ဒေသခံ ငါးရာ ကျော်လောက်ဟာ ဟိုခိုဘုန်းကြီးမှာ ခိုလှုံနေကြရတာပါ။

“စစ်ရှောင်တွေ ရှိတယ်ဆိုတာတော့ ကျွန်တော်တို့ သိထားတယ်၊ အထူးသဖြင့် တိုက်ပွဲတွေဖြစ်တဲ့ လုံခံရွာကို ပြန်ရောက်ဖို့ မလွယ်သေးဘူးဗျ၊စစ်ရေးကတော့ တင်းမာဆဲပါဗျ၊သူတို့တပ်တွေကတော့ အလှုပ်အခတ်တွေ ရှိတယ်၊ အင်အားတိုးတာရှိသလို ပြန်ထွက်သွားတာတွေလည်းရှိတယ် အသေးစိတ်တော့ပြောဖို့ ခက်ပါတယ် ” လို့ MDY- PDF ကတာဝန်ရှိသူ တဦးကပြောပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်က ဖြစ်ခဲ့တဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ စစ်အုပ်စုဘက်က ၂၅ ဦးကသေဆုံးခဲ့သလို လေကြောင်းကတဆင့်ပစ်ကူပေးတာတွေ လုပ်ခဲ့ရတယ်လို့ ပြည်သူကာကွယ်ရေး တပ်မတော်( မန္တလေး ) ကထုတ်ပြန်ထားပါ တယ်။

တိုက်ပွဲတွေဖြစ်ပြီးနောက် စစ်အုပ်စုက  ဒေသခံရွာသားတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေလုပ်ခဲ့သလို စစ်ရှောင်နေရတဲ့ရွာထဲက နေအိမ်တချို့က ပစ္စည်းတွေကို ရယူတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။