နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားတယ်ဆိုပြီး စီရင်ချက်ချထားတဲ့ အမှု နှစ်မှု အတွက် အယူခံတင်သွင်းမှုကို စစ်ကောင်စီရဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဖေဖော်ဝါရီလ ၁၅ ရက်၊ မနေ့က ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးမောင်ဝိတ်ဆီက အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ ကို လာဘ်ယူခဲ့တယ်လို့ စစ်ကောင်စီကစွပ်စွဲထားတဲ့အမှုနှစ်မှုအတွက် နေပြည်တော်ထောင်တွင်းတရားရုံးက ထောင်ဒဏ်ချမှတ်ထားတဲ့အပေါ် တင်သွင်းတဲ့အယူခံကိုလက်ခံသင့်၊ မသင့်နှစ်ဖက် ကြားနာပြီး ပယ်ချ လိုက်တာလို့သိရပါတယ်။
‘’အယူခံအခွင့်အရေးတောင် ပြည်ထောင်စုလွှတ်တော်တရားလွှတ်တော်ချုပ်ကမပေးပါဘူး၊ ဖွဲ့စည်းပုံအခြေခံ ဥပ ဒေပုဒ်မ ၁၉ အရဆိုရင်တော့ အယူခံတင်ပိုင်ခွင့်ပေးကို ပေးရမှာပါ ‘’ လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉ မှာ ဥပဒေနဲ့ အညီ လွတ်လပ်စွာတရားစီရင်ရေး၊ ဥပဒေအရကန့် သတ်ချက် များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး၊ အမှုများတွင် ဥပဒေအရ ခုခံချေပပိုင်ခွင့်နှင့် အယူခံပိုင်ခွင့် ရရှိရေးဆိုပြီးပြ ဌာန်းထားတာပါ။
စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ငန်းရှင်ဦးမောင်ဝိတ်ဆီက ဒေါ်လာ ၅၅၀,၀၀၀ လာဘ်ယူ တယ် လို့စွပ်စွဲတရားစွဲထားတဲ့ အဂတိအမှုနှစ်မှုအတွက်တမှုကို သုံးနှစ်စီနဲ့ ပြစ်ဒဏ်တပေါင်းတည်းကျခံဖို့ နေပြည် တော် ထောင်တွင်းတရားရုံးက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ ချမှတ်ခဲ့တာပါ။
အဓိက သက်သေ ဦးမောင်ဝိတ်ကတော့ အဲဒီငွေတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက်လှူဒါန်းခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ အဲဒီအမှု နှစ်မှုနဲ့ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကသူနဲ့ မသက်ဆိုင်ဘူးလို့ ထွက်ဆို ထားသလို အထူးအယူခံဆက်တက်သွားမယ်လို့လည်း တရားရုံးနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
ဒါ့အပြင် ဒီချုပ်အစိုးရလက်ထက်က ရဟက်ယာဉ်ဝယ်ယူငှားရမ်းမှုနဲ့ပတ်သတ်ပြီး သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အမိန့်ချထားတဲ့ အမှု ၅ မှုကိုလည်း သူတို့ရဲ့ ရှေ့နေတွေက ဖေဖော်ဝါရီလ ၁၄ ရက်မှာ နေပြည်တော်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အယူခံတင်ခဲ့ပါသေးတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၁ ရက် ကစတင်ပြီး ဖမ်းဆီးထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှု အတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံရထားရတာဖြစ်ပါတယ်။ စစ်ကောင်စီဟာ သမ္မတဦးဝင်းမြင့်ကို တောင်ငူ ထောင်ကို ပြောင်းရွှေ့ထားသလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေပြည်တော်အချုပ်ထောင်မှာ ဖမ်းဆီး ထား ပါတယ်။