စစ်တပ်လေကြောင်းကို ကင်းထောင်ပေးဖို့ ပြည်သူတွေလိုအပ်နေတယ်လို့ NUG ပြော

အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့  လေကြောင်းကင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နိုင်ဖို့ ပြည်သူတွေလိုအပ်နေတယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ဖေဖော်ဝါရီ ၁၆ ရက်မှာထုတ်ပြန်လာတယ်။

စစ်တပ်ရဲ့လေကြောင်းလှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့အတွက် လေတပ်စခန်းတွေအပါအဝင် လေယာဉ်ကွင်း၊ ရဟတ်ယာဉ်ကွင်းတွေကို ပုံမှန်စောင့်ကြည့်သတင်းပေးပို့တာတွေလေကြောင်းသွားလာမှုလမ်းကြောင်းတလျောက် သတင်းပေးပို့မယ့်ပြည်သူတွေကိုဖိတ်ခေါ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါကြောင့် ပြည်သူ့အသက်အိုးအိမ်ကို ကာကွယ်ဖို့ လေကြောင်းကင်းထောက်အဖြစ်ဆောင်ရွက်လိုသူတွေအနေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တယ်လီဂရမ် https://t.me/MASurveillance24 ကိုဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တွန်းလှန်ခုခံမှုအားကောင်းတဲ့တိုင်းရင်းသားဒေသတွေအပါအဝင် ဒေသအများစုကို စစ်ကောင်စီက ကုန်းကြောင်းကနေဖိနှိပ်ရုံသာမက လေကြောင်းတိုက်ခိုက်မှုတွေအကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။

 

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေထဲမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေအပြင်ဒေသခံတွေနေထိုင်ရာ ကျေးရွာနဲ့ စာသင်ကျောင်းတွေ စစ်ရှောင်စခန်းတွေပါဝင်ခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေအများအပြားသေဆုံးခဲ့ပါတယ်။

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ ၂၀၂၂ စက်တင်ဘာလက ဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်းရွာစာသင်ကျောင်းကိုတိုက်ခိုက်မှုမှာတော့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၃၀ လောက်သေဆုံးခဲ့ရပါတယ်။

အလားတူပဲ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှစ်ပတ်လည်နေ့ ဖျော်ဖြေပွဲရှိရာကို လေကြောင်း ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၇၀ထက်မနည်းသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေဟာ အရပ်သားသေဆုံးမှုအများဆုံးဖြစ်ရပ်တွေဖြစ်ခဲ့ပါတယ်။

တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက စစ်အုပ်စုကို လေယာဉ်ဆီရောင်းချမှုကို တားမြစ်ပိတ်ပင်ပေးဖို့နဲ့ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ တောင်းဆိုမှုတွေရှိနေပါတယ်။