အာဆင်နယ် အသင်းဟာ အိမ်ကွင်းမှာ မန်ချက်စတာ စီးတီးကို အရေးနိမ့်ခဲ့ခြင်းနဲ့အတူ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကိုပါ လွှဲပြောင်းပေးလိုက်ရပါတယ်။
တစ်ရာသီလုံး တည်တည်ငြိမ်ငြိမ် ခြေစွမ်းပြခဲ့သလို နိုဝင်ဘာလ ကတည်းက အမှတ်ပေးဇယားကို ဦးဆောင်လာခဲ့တဲ့ အာဆင်နယ်ဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုကို တကျော့ပြန် သိမ်းပိုက်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်လာကြောင်း ရှုမြင် ခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း အခုအခါမှာတော့ အိမ်ကွင်း အမ်းမရိတ်စ်မှာ လက်ရှိ ချန်ပီယံ စီးတီးကို အရေးနိမ့်ခဲ့ခြင်းနဲ့အတူ အမှတ်ပေးဇယားရဲ့ ဒုတိယ နေရာကို ပြန်ဆင်းပေးလိုက်ရတာ ဖြစ်ပါတယ်။
စီးတီးဟာ အာဆင်နယ်ထက် တစ်ပွဲပိုကစားထားပြီး ရမှတ်တူ၊ ဂိုးကွာခြားချက် အသာနဲ့ ထိပ်ဆုံးကို ပြန်ရောက်လာတာပါ။ အာဆင်နယ်ကတော့ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရလဒ် ပျောက်ဆုံးပြီး ၁ မှတ်သာ ရခဲ့တဲ့နောက် ဖိအားတွေ ဝင်လာခဲ့ပါပြီ။
စီးတီးအတွက် ကီဗင်ဒီဘရိုင်း၊ ဂျက်ဂရေးလစ်ရှ်နဲ့ အာလင်ဟာလန်းတို့က ဂိုးတွေ အသီးသီး သွင်းခဲ့ပြီး ဘူကာယို ဆာကာရဲ့ ပင်နယ်တီကနေ ရခဲ့တဲ့ ချေပဂိုးကလည်း အိမ်ရှင်တွေအတွက် ရလဒ်ဆိုးကို ချေဖျက်ဖို့ မလုံလောက်ခဲ့ပါဘူး။
စီးတီးကတော့ အခုနိုင်ပွဲကြောင့် ချန်ပီယံဆုကို ဆက်ထိန်းနိုင်ဖို့ အခြေအနေကောင်း တစ်ခုကို ပြန်လည် တည်ဆောက်ယူနိုင်ခဲ့ပါတယ်။ စီးတီး မန်နေဂျာ ပက်ပ် ဂွာဒီယိုလာကတော့ လျှောက်ရမယ့် ခရီးက အရှည်ကြီး ကျန်နေဆဲဖြစ်ကြောင်း၊ ဒါပေမဲ့ အာဆင်နယ်ကို သူတို့ရဲ့ကွင်းမှာ အနိုင်ကစားနိုင်ခဲ့တာကတော့ ခြွင်းချက်မရှိ ကျေနပ်ဖို့ကောင်းကြောင်း ပြောပါတယ်။
ဂွာဒီယိုလာက ပထမပိုင်းမှာ အာဆင်နယ်က ကစားပုံ ပိုသာခဲ့သလို သူ့အနေနဲ့လည်း ကွင်းလယ် တိုက်စစ်သမား ဘီနာဒို ဆေးလ်ဗားကို ဘယ်ခြမ်း ခံစစ်မှူးအနေနဲ့ သုံးစွဲခဲ့မိတာ အမှားတစ်ခု ဖြစ်ခဲ့ကြောင်း ဝန်ခံပါတယ်။ စပိန်သား မန်နေဂျာက သူဟာ အသစ်အဆန်း တစ်ခုကို စမ်းသပ်ခဲ့ပေမယ့် ဆိုးဆိုးရွားရွား လွဲမှားခဲ့ကြောင်း၊ ဒီအမှားကို ပြန်ပြင်ခဲ့တဲ့နောက် ဒုတိယပိုင်းမှာ စီးတီးဟာ ကိုယ်ပိုင်ကစားဟန်ကို ပြန်ရလာသလို ပိုပြီး အားနဲ့မာန်နဲ့ ထိုးဖောက်နိုင်ခဲ့ကြောင်း၊ ဒုတိယပိုင်းမှာ အသင်းက အများကြီး ပိုကောင်းခဲ့ကြောင်း၊ ဘီနာဒိုလည်း ဘယ်ခြမ်း ခံစစ်မှူးအဖြစ် ပွဲကို စတင်ခဲ့ရာက ညာခြမ်း တိုက်စစ်နေရာမှာ ပြောင်းကစားပြီး ခြေစွမ်းပြခဲ့ကြောင်း ပြောသွားပါတယ်။
အာဆင်နယ် မန်နေဂျာ အာတီတာကတော့ ပွဲရလဒ်အပေါ် စိတ်ပျက်မိပေမယ့် သူ့အသင်းဟာ ချန်ပီယံ ပြေးလမ်းပေါ်ကနေ သွေဖယ် မသွားသေးဘူးလို့ မှတ်ချက် ပေးခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ ပရီးမီးယားလိဂ်ဟာ မာရသွန် ခရီးရှည်ကြီးလို သဘောထား ပြိုင်ဆိုင်ရတာဖြစ်ကြောင်း၊ ဒီတော့ ချန်ပီယံဆုအတွက် အဆုံးအဖြတ် ဖြစ်လာဖို့ အဝေးကြီး လိုသေးကြောင်း၊ အရေးကြီးတာက မနက်ဖြန်မှာ အသင်းအနေနဲ့ ဘယ်လို သဘောထား ခံယူချက်နဲ့ ရှေ့ဆက်မလဲ ဆိုတာသာဖြစ်ပြီး အနာဂတ်ကို ဘယ်သူမှ ကြိုမသိနိုင်ကြောင်း အာတီတာက ဆိုပါတယ်။
အာဆင်နယ်ဟာ ဒီပွဲကနေ အမှတ်တွေ လိုချင်ခဲ့ပေမယ့် လက်တွေ့ မဖြစ်မြောက်ခဲ့ကြောင်း၊ ဘောလုံးပွဲ တစ်ပွဲဟာ ပင်နယ်တီ ဧရိယာထဲက လှုပ်ရှားမှုတွေပေါ် မူတည်ပြီး အဆုံးအဖြတ် ရလဒ်တွေ ထွက်ပေါ်တတ်ပေမယ့် အခုပွဲမှာတော့ သူ့အသင်းဟာ အခွင့်အရေးတွေကို ပယ်ပယ်နယ်နယ် လက်လွှတ်ခဲ့မိကြောင်း၊ ဒီအပိုင်းမှာ အာဆင်နယ် အနေနဲ့ ပိုတိုးတက်လာဖို့ လိုနေသေးကြောင်းလည်း အာတီတာက ပြောကြားသွားခဲ့ပါတယ်။