စစ်အုပ်ချုပ်ရေး ကြေညာချက်ကြောင့် ချင်းပြည်နယ်မှာ ဘုရားကျောင်းတက်၊ မင်္ဂလာပွဲ၊ နာရေးကအစ စစ်ကောင်စီကိုခွင့်တောင်းနေရ

စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ချင်းပြည်နယ်မှာ ဘုရားကျောင်းတက်ဖို့၊ မဂ်လာပွဲကျင်းပဖို့နဲ့ နာရေးအခမ်း အနားတွေလုပ်ဖို့ကအစ စစ်ကောင်စီကို ခွင့်တောင်းနေရပြီးခွင့်ပြုမှသာ လုပ်ခွင့်ရတယ်လို့ ဒေသခံတွေ DNA ကို ပြောပါတယ်။

 “ဖေဖော်ဝါရီ လေးရက်နေ့ကစလို့ လူငါးဦးထက်ပိုမစုရဆိုတဲ့အမိန့်မှာ အကြုံးဝင်တဲ့သဘောဖြစ်နေတော့ သာရေး နာရေးတွေပါ သူတို့ခွင့်ပြုချက်တောင်းနေရတယ်၊စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိတာပေါ့” လို့ ဖလမ်းမြို့ခံတဦးက ပြောပါတယ်။

ဘာသာရေးအသင်းတော်တွေအနေနဲ့ ဘုရား ကျောင်းတက် ဝတ်ပြုကိုးကွယ်မှု အစီအစဉ်ပြုလုပ်မယ်ဆိုရင် ဘယ်အချိန်ထိလူဘယ်နှဦးတက်ရောက်ဝတ်ပြုမယ်ဆိုတာစစ်ကောင်စီကိုတပတ်ကြိုတင်ခွင့်ပြုချက်တောင်းဖို့လိုအပ် တယ်လို့ဆိုပါတယ်။

ဘုရားကျောင်းတွေအနေနဲ့တနင်္ဂနွေနေ့မှာ ဘုရားဝတ်ပြုမယ့် အချိန်နဲ့လူအရေအတွက်ကို တနင်္လာနေ့ကတည်းက ထွေအုပ်ရုံးကိုတင်ပြရတာဖြစ်ပြီးခွင့်ပြုချက်ရမှသာ တနင်္ဂနွေနေ့မှာ ဘုရားကျောင်းတက်နိုင်တယ်လို့ သိရပါ တယ်။

အဲ့ဒီလို ခွင့်ပြုချက်တောင်းခံဖို့အမိန့်ကို ဖေဖော်ဝါရီ ၁၃ ရက်မှာစတင် ထုတ်ပြန်ခဲ့တာဖြစ်ပြီး နောက်ထပ်အမိန့် စာ မထုတ်မချင်း ဒီအတိုင်းခွင့်ပြုမိန့်တောင်းခံနေဖို့လိုအပ်တယ်လို့လည်းဆိုပါတယ်။

 “ဘုရားကျောင်းဝတ်ပြုခွင့်၊ အသုဘ အစီအစဉ်၊ မင်္ဂလာပွဲအခမ်းအနားတွေကျင်းပမယ် ဆိုရင် စစ်ကောင်စီထံ ကြို တင်ခွင့်ပြုမိန့်တောင်းခံနေရတယ်ဆိုတာဟုတ်ပါတယ်၊ခုဟာကအစပဲရှိသေးတော့ ထိခိုက်မှု တွေကိုပြော လို့မရသေးဘူး၊ရှိတော့ရှိလာမယ်” လို့ တီးတန်မြို့နယ်ဒေသခံတဦးကပြောပါတယ်။

 မင်္ဂလာအခမ်းအနားကျင်းပဖို့ တပတ်ကြိုတင်ခွင့်ပြုချက်ယူရမှာဖြစ်ပြီး အသုဘမှာတော့ အသုဘချမယ့်အချိန်နဲ့ အသုဘကိုလာရောက်နိုင်တဲ့ခန့်မှန်းလူအရေအတွက်ကိုတင်ပြရတယ်လို့ဆိုပါတယ်။ ခရစ်ဘာသာဝင်ရှစ်ဆယ်ရာခိုင်နှုန်းရှိတဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီက ဒီလိုအမိန့်ထုတ်ပြန်တာဟာ လွတ်လပ် စွာယုံကြည်ကိုးကွယ်ခွင့်ကိုပါထိပါးနေတာဖြစ်တယ်လို့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

“တခြားဘာသာရေးအဖွဲ့အစည်းတွေရော လူစုပွဲလုပ်မယ်ဆိုရင်တင်ရမယ်လို့ပြောတယ်၊ဒါပေမယ့် ချင်းပြည်နယ် မှာက ခရစ်ယာန်အများစုဖြစ်တယ်၊တပတ်တခါ ဘုရားကျောင်းတက်တယ်၊ဒီတော့ ခရစ်ယာန်ဘာသာလွတ်လပ် စွာကိုယ်းကွယ်ခွင့်ကို တိုက်ရိုက်ထိပါးနေတယ်” လို့ ချင်းပြည်နယ် နယ်စပ် ကလေးမြို့မှာနေထိုင်တဲ့ ချင်းလူမျိုး ဒေသခံတဦးကပြောပါတယ်။

ခုခံတော်လှန်အားကောင်းတဲ့ချင်းပြည်နယ်မှာ ပလက်ဝမြို့နယ်ကလွဲပြီး ကျန်ရှစ် မြို့နယ်လုံး စစ်အုပ်ချုပ် ရေး ကြေညာခံထားရတာဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေမှာ ည ၆ နာရီကနေ နံနက် ၆ နာရီအတွင်း လုံခြုံရေး တာဝန်ရှိသူမှအပ လမ်းများပေါ်မှာ သွားလာခြင်းမပြုဖို့၊ လူ ၅ ဦးနဲ့ လူ ၅ ဦးထက်ပိုပြီး စုဝေးတာ၊ လမ်းလျှောက်တာ၊ စီတန်းလှည့်လည်တာ၊ ဟောပြောတာတွေမလုပ်ဖို့၊၊တုတ်၊ ဓား၊ လက်နက်နဲ့ မီးလောင်စေတတ်တဲ့အရာတွေကိုကိုင်ဆောင်ခြင်းမပြုဖို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာထားပါတယ်။