အာဏာသိမ်းပြီးနောက် ဗကသ အဖွဲ့ဝင်ကျောင်းသား ကိုးဆယ်ကျော်ဖမ်းဆီးခံရ

စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ သမဂ္ဂ အဖွဲ့ ချူပ် အဖွဲ့ဝင်ကျောင်းသား ကိုးဆယ်ကျော်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဗကသ များအဖွဲ့ချုပ်ဗဟိုအမှုဆောင်တွေက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီကနေ့အထိဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံရတဲ့ဗကသကျောင်း သား ငါး ဆယ်ဝန်းကျင်ရှိပြီး  အနည်းဆုံး ထောင်ဒဏ်နှစ်နှစ်ကနေ အများဆုံး တသက်တကျွန်းအထိ အမိန်ချခံထားရ တယ် လို့ ရန်ကုန်အခြေစိုက်ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်တဦးကပြောပါတယ်။

“ဖမ်းဆီးခံရတဲ့အထဲမှာ တချို့သောရဲဘော်တွေက လွတ်ရက်စေ့တွေ လွတ်ငြိမ်းတွေနဲ့ ပြန်လွတ်လာကြပါတယ်၊ လက်ရှိမှာတော့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဗကသရဲဘော် သုံးဆယ် လောက်ရှိပါတယ်၊ဖမ်းဆီးခံရပြီး သေဒဏ်ချမှတ်ခံရသူတော့ မရှိပါဘူး ” လို့ သူက DNA ကိုပြောပါတယ်။

ဒါ့အပြင် ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်ရင်း ကျဆုံးသွားတဲ့ ဗကသအဖွဲ့ဝင်ကျောင်းသား ၁၁ ဦးအထိရှိတယ်လို့လည်းသိရပါတယ်။

 ကျောင်းသားလူငယ်တွေ တိုင်းရင်းသားပြည်သူလူထုတွေကို အကြမ်းဖက်ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေတာတွေနဲ့ ကျေးရွာတွေ မြို့တွေ ဘာသာရေးအဆောက်အဦးတွေ မကျန် မီးရှို့ဖျက်ဆီး၊ ပြည်သူပိုင်ပရိဘောဂတွေ လယ်ယာသုံးပစ္စည်းတွေကအစ ခိုးယူနေတာ ဖျက်ဆီးနေတာတွေဟာ ဖက်ဆစ်တပ်က ကျူးလွန်နေတဲ့ မတရားမှုတွေ ရာဇဝတ်မှုတွေဖြစ်တယ်လို့  ရန်ကုန်အခြေစိုက် ဗကသများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကပြောပါတယ်။

“ဒါတွေဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရက်ယန္တယား ဆိုတဲ့ စစ်သုံးစစ်နဲ့ ထောက်တိုင်ပြုပြီး ခေတ်အဆက်ဆက် အခိုင်အမာတည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်တယ်၊ဒါ့ကြောင့် စစ်သုံးစစ်နဲ့ တည်ဆောက်ထားတဲ့ စစ်ဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်မှ ဒီဖိနှိပ်မှုတွေကနေလွတ်မယ်၊ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးအနေနဲ့ စစ်သုံးစစ်တိုက်ဖျက်ရေး စစ်အာဏာရှင်စနစ် ဖြိုဖျက်ရေးအတွက် ရရာနည်းလမ်းပေါင်းစုံနဲ့ ညီညွတ်စွာတိုက်ပွဲဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ် ” လို့သူကပြောပါတယ်။

အလားတူပဲ မန္တလေးအခြေစိုက် ဗကသများ အဖွဲ့ချုပ်အဖွဲ့ဝင်တွေလည်း  အာဏာသိမ်းပြီးနောက် ဖမ်းဆီး အ ကျဉ်းချခံရသူအများအပြားရှိပြီး လက်ရှိအချိန်အထိ လေးဆယ်ဝန်းကျင်ဖမ်းဆီးခံထားရကာ သုံးဦးကတော့ ထောင်(၂၂)နှစ်အထိ ချမှတ်ခံထားရတယ်လို့ အဲ့ဒီအဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကDNA ကိုပြောပါတယ်။

စစ်အုပ်စုက အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာပါဝင်တဲ့ ကျောင်းသားတွေ ကို ဖမ်းဆီးပြီးနောက် အ ကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေ ဖြစ်တဲ့ ၅၂(က) ၊ ၅၀ (ည)စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆို ထောင်ချထား တယ်လို့ဆိုပါတယ်။

“စစ်အာဏာရှင်တွေကတော့ ကျောင်းသားခေါင်းဆောင်တွေကို ခေတ်အဆက်ဆက်မှာ ပြည်သူလူထုကို ဦးဆောင်တဲ့အပိုင်း ချိုးဖျက်ချင်တယ်။ အဲဒီတွက် ကျောင်းသားတွေကို သူတို့ကို ဖိနှိပ်မယ်ဆိုတာ သူတို့လုပ်နေကျပါ။ သူတို့ဘယ်လောက်ဖိနေပါစေ ကျောင်းသားထုကတော့ အာဏရှင်ကိုအဆုံးအထိ တွန်းလှန်သွားပါမယ် ” လို့ သူကပြောပါတယ်။

စစ်ကောင်စီဟာ အခုလအတွင်းမှာပဲ ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ် အထက(၁)က ဗကသ ဒုတိယဥက္ကဌ ဆယ်တန်းကျောင်းသား ကိုဟိန်းထက်(ခ)ကိုပိုပိုကို ပုဒ်မ ၅၀(ည)၊ပုဒ်မ၅၀၅(က)တွေနဲ့ ထောင်ဒဏ်တသက် တ ကျွန်းချမှတ်ခဲ့ပါသေးတယ်။