PDFတွေကို ဖမ်းပြမယ်ဆိုတဲ့ စစ်မှုထမ်းဟောင်းပြည်သူ့စစ်ခေါင်းဆောင်ပစ်ခတ်ရှင်းလင်းခံရ

 

ဖေဖော်ဝါရီ၊ (၁၅)

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ၊ရင်းငြိမ်ကျေးရွာနေ စစ်ကောင်စီထောက်တိုင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

သေနတ်ပစ်ခတ်ခံရသူက ဦးမြင့်ရီ(ခေါ်) ပေါပီး ဖြစ်ပြီး သူက ဒီနေ့ မနက် ၇ နာရီကျော်ခန့်က ငွေလျှံလက်ဖက်ရည်မှာ လက်ဖက်ရည်လာသောက်နေချိန် ဆိုင်ကယ်နဲ့ လာတဲ့ လူငယ်နှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။

သေနတ်ပစ်ခံရမှုကြောင့် ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီဟာ ဦးခေါင်း၊ ရင်ဘတ်၊ ဆီးခုံ အစရှိတဲ့နေရာတွေမှာ သေနတ်ကျည်ဖောက်ဝင် ဒဏ်ရာ ၅ ချက်ဖြင့် အခင်းဖြစ်ရပ်နေရာမှာပင် ပွဲချင်းသေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက DNA ကို ပြောပါတယ်။

“ လူငယ် နှစ်ဦးက ဝင်ပစ်သွားတာ။ရုတ်တရက်ဆိုတော့ ကျွန်တော်တို့လည်း တချက်ကြောင်နေတာပေါ့။သူ့ဟာ သူပစ်ပြီး ပြန်ထွက်သွား တာပဲ။ကျန်တဲ့သူတွေကိုတော့ ဘာမှ မလုပ်သွားဘူး။ကိုပေါပီးကတော့ အဲမှာပဲ သေသွားတယ်။သူက ပြည်သူ့စစ်တစ်ဦး လည်း ဟုတ်ပါတယ်”ဟု ၎င်းက ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ ဦးမြင့်ရီဟာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တာကြောင့် ပျူစောထီးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို စစ်ပညာသင်တန်းဦးဆောင်သင်တန်းပေးနေသူတစ်ဦးဖြစ်တဲ့အပြင် သူက PDF တွေကို ဖမ်းပြမယ်ဟု မကြာခဏ ကြိမ်းမောင်းပြောဆို လေ့ရှိတာကြောင့် နန်းထိုက်အောင် စစ်ဆင်ရေးစစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က ထုတ်ပြန် ထားပါတယ်။

ဒါအပြင် သူဟာ ရင်းငြိမ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနဲ့အတူ ရပ်ကွက်ကျေးရွာတွေမှာ လုံခြုံရေးယူပေးနေသူဖြစ်ပြီး CDM ဝန်ထမ်းတွေကို ဖမ်းဆီးတဲ့ဖြစ်စဉ်တွေမှာ သတင်းပေးတစ်ဦးဖြစ်တဲ့အပြင် စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ ပူးပေါင်းကာ မြေယာအကွက်ရိုက်ရောင်းချတဲ့ကိစ္စတွေမှာ ပါဝင်နေသူလည်း ဖြစ်တယ်လို့ တခြား ဒေသခံတစ်ဦးက ပြောပါတယ်။

“ သူက CDM တွေကို ဖမ်းခိုင်းပြီး ငွေညှစ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ဌာနဆိုင်ရာတွေနဲ့ ပေါင်းပြီး အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီး မြေယာအကွက်ရိုက်တဲ့ ကိစ္စတွေမှာလည်း ပါဝင်နေတာ လူတိုင်းသိတယ်။မပြောရဲလို့သာ မပြောကြတာပါ”ဟု ၎င်းက ပြောပါတယ်။ 

ပေါင်မြို့နယ်မှာဆိုရင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ မကြာခဏပစ်ခတ်ရှင်းခံရလေ့ရှိနေပြီး စစ်ကောင်စီကြောထောက်နောက်ခံပေးထားတဲ့ USDP ပါတီဝင်တွေလည်း သတ်ဖြတ်ခံရတာမျိုးလည်း ရှိနေပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ ကနေ အစိုးရဝန်ထမ်း၊ အရပ်သားပေါင်း ၅၄၄၃ဦးနဲ့ဒဏ်ရာရသူပေါင်း၄၃၇၇ဦးရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။

Photo – SOF