မြိုင်မှာ စစ်ကောင်စီတပ်က တိုက်ပွဲမရှိပဲလက်နက်ကြီးနဲ့ပစ်လို့ နွားနှစ်ကောင်သေဆုံး

မကွေးတိုင်းအတွင်းရှိ မြိုင်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းက အထိုင်ချပြီး အနီးနားက ရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်နေတဲ့အတွက် ဒေသခံများရဲ့ ကျွဲ၊ နွား သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
မနေ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ၊ညနေ ၅ နာရီလောက်မှာ ဝက်ပုတ်ရွာ ရောက်နေတဲ့ ပျူစခန်းက ဆိတ်သာရွာနဲ့ ကျွဲတွင်းရွာဘက်ကို အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ နွား ၃ ကောင်လက်နက်ကြီး ထိမှန်ခဲ့ပြီး ၂ ကောင်သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
 
” ဝက်ပုတ်ရွာရောက်နေတဲ့ စခတွေက မနေ့က အနီးနားကရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာတွေရှိတယ်။ သူတို့နဲ့ ကျနော်တို့က နေ့တိုင်းနီးပါးလောက်တော့ ထိတွေ့တိုက်ပွဲဖြစ်နေပါတယ်။ သူတို့ရွာထဲက ထွက်လာတာနဲ့ တိုက်ပွဲဖြစ်တာနေတာပါ ” လို့ မြိုင်ပကဖ တာဝန်ရှိသူ ကဆိုပါတယ်။
 
မြိုင်မြို့နယ်ရဲ့ အနောက်တောင်ဖက်ရှိ ဝက်ပုတ်ရွာကို ရောက်နေတဲ့ စစ်အုပ်စုက မနေ့က ၆၀ မမ လက်နက်ကြီးတွေနဲ့ အနီးနားရွာတွေကို တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ ရမ်းသမ်းပစ်ခတ်နေတာလို့ ဆိုပါတယ်။
 
လက်တလောမြိုင်နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်း တစ်ခုသာရှိပြီး ပျူစောထီးနဲ့ စစ်တပ် စုပေါင်းအင်အား ၆၀ နီးပါးလောက်ရှိတယ်လို့ မြိုင်ပကဖ ကဆိုပါတယ်။
 
” စစ်ကြောင်းကတော့ တစ်ကြောင်းရှိတယ် အဲဒီကောင်တွေကိုပဲလိုက်တိုက်နေရတယ်။ ပုလဲနဲ့ မြိုင်နဲ့က ထိကပ်နေတာဆိုတော့ ပုလဲဖက်က တကြောင်းလာမယ်လိုတော့ ကြားထားတယ်။ သူတို့ စစ်အုပ်ချူပ်ရေး ကြေညာပြီးမှာ ကျနော်တို့က လိုက်တိုက်နေရတယ် ” လို့ သူကပြောပါတယ်။
 
စစ်ကောင်စီဟာ မကွေးတိုင်းက မြိုင်၊ ပေါက်၊ဂန့်ဂေါ၊ထီးလင်းနဲ့ဆောမြို့နယ်တွေကိုစစ်အုပ်ချုပ်ရေးကြေညာထားတာပါ။ လက်ရှိမှာ မြိုင်မှာ စစ်အုပ်စုက စစ်ကြောင်းထိုးရင်မီးရှို့ခဲ့တဲ့ ကျေးရွာတွေက စစ်ရှောင်ပြည်သူတွေကို ကူညီစောင့်ရှောက်တာတွေ လုပ်ဆောင်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo – We Love Myaing