တရုတ် မိုးပျံပူဖောင်းတွေ ကျူးကျော်မှုကို ခံခဲ့ရဖူးတယ်လို့ ဂျပန်ယူဆ

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဂျပန်လေပိုင်နက်ကို ဖြတ်ပျံသွားတဲ့ အမျိုးအမည်မသိ အရာတချို့ဟာ တရုတ်ရဲ့ စပိုင် မိုးပျံပူဖောင်းတွေ ဖြစ်နိုင်ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက မှတ်ချက် ပေးခဲ့ပါတယ်။

ဖြစ်စဉ်အဟောင်းတွေကို ပြန်လည် သုံးသပ် စစ်ဆေးမှုတွေအရ အဲဒီအရာတွေဟာ တရုတ်က စေလွှတ်ခဲ့တဲ့ မိုးပျံပူဖောင်းတွေလို့ ယုံကြည်နိုင်လောက်တဲ့ အထောက်အထားတွေ ခိုင်ခိုင်မာမာ ပြန်လည် တွေ့မြင်လာရတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီ ၁၄ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ၊ ၂၀၂၀ ပြည့်နှစ် ဇွန်လနဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွေတုန်းက ဘောလုံးပုံသဏ္ဍန် အမျိုးအမည်မသိ အရာတွေကို ဂျပန်လေပိုင်နက်ထဲ ရောက်နေတာ ရှာတွေ့ခဲ့ဖူးကြောင်း၊ အဲဒီအရာတွေဟာ တရုတ်ရဲ့ မောင်းသူမဲ့ ထောက်လှမ်းရေး သူလျှိုယာဉ်တွေ ဖြစ်နိုင်တယ်လို့ အတော်ကြီး ခိုင်ခိုင်မာမာ ကောက်ချက် ဆွဲယူနိုင်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

 နောက်ထပ် အလားတူ ကိစ္စမျိုးတွေ ထပ်ဖြစ်မလာအောင် တရုတ်အစိုးရက တာဝန်ယူပေးဖို့လည်း အပြင်းအထန် တောင်းဆိုတယ်လို့ ဂျပန်ဖက်က ထုတ်ပြန်ပါတယ်။ ပြီးတော့ နိုင်ငံခြား တိုင်းပြည်တစ်ခုရဲ့ လေပိုင်နက်ကို သူလျှို လေဘောလုံးတွေနဲ့ဖြစ်ဖြစ်၊ တခြားအရာတွေနဲ့ဖြစ်ဖြစ် ကျူးကျော်စေတာမျိုးက လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့လည်း ဂျပန်က ဆိုတယ်။

 လေပိုင်နက် ကျူးကျော်တဲ့ တရုတ် မိုးပျံပူဖောင်းကို အမေရိကန်က ပစ်ချခဲ့တဲ့ ဖြစ်စဉ်အပြီး ဂျပန်ကလည်း အရင်ကြုံဖူးတဲ့ ကိစ္စတချို့ကို ပြန်လည် ဆန်းစစ်သွားမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ခဲ့ပါတယ်။

 အမေရိကန်ဟာ တရုတ် မိုးပျံပူဖောင်း တစ်လုံးအပြင် ကနေဒါနဲ့ အမေရိကန် လေပိုင်နက်ထဲ ရောက်ရှိနေတဲ့ တခြား ပိုမိုသေးငယ်တဲ့ အမျိုးအမည်မသိ အရာ ၃ ခုကိုပါ ပစ်ချထားပြီးပါပြီ။ တရုတ်ကတော့ အမေရိကန် ပစ်ချခဲ့တာဟာ မိုးလေဝသ လေ့လာရေး လေဘောလုံး တစ်ခုသာဖြစ်ပြီး အရပ်ဖက်သုံး ပစ္စည်းတစ်ခုကို အင်အားသုံး ဖျက်ဆီးခဲ့တဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက် ရှုတ်ချထားပါတယ်။

အမေရိကန်ကတော့ သူတို့ ပစ်ချခဲ့တာဟာ စပိုင်ပစ္စည်းတစ်ခုလို့ အခိုင်အမာ ပြောဆိုထားသလို တရုတ်ဟာ ကမ္ဘာအနှံ့မှာ အဲဒီလို မိုးပျံပူဖောင်းမျိုး ၄၀ ကျော်လောက် စေလွှတ်ထားလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။


Ref: FOX