ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့တဲ့နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဘောလ်တစ် ပင်လယ်ထဲမှာ နျူကလီးယားလက်နက် တပ်ဆင်ထားတဲ့ ရုရှားရေယာဉ်တွေ စတင် ဖြန့်ကျက်လာတယ်လို့ နော်ဝေး ထောက်လှမ်းရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်အတွင်း ရုရှားဟာ ဘောလ်တစ်ပင်လယ်ပြင်မှာ မဟာဗျူဟာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်တာမျိုး လုံးဝ မရှိခဲ့ဖူးသေးကြောင်း နော်ဝေး ထောက်လှမ်းရေးက ဆိုပါတယ်။ အခုလို လက်နက် ပြန်လည် တပ်ဆင်လာတာဟာ ရုရှားမြောက်ပိုင်း ရေတပ်မရဲ့ ရေငုပ်သင်္ဘောတွေနဲ့ နှင်းခွဲ သင်္ဘောတွေ အပါအဝင် စစ်ရေယာဉ်တွေမှာ ဖြစ်တယ်လို့လည်း အဲဒီ အစီရင်ခံစာအရ သိရပါတယ်။
ရုရှား မြောက်ပိုင်း ရေတပ်မကြီးဟာ ဆိုဗီယက် ပြည်ထောင်စု မပြိုကွဲခင် စစ်အေးခေတ်တုန်းက နျူကလီးယားလက်နက်တွေ သယ်ဆောင်ပြီး ခုတ်မောင်းတာမျိုးတွေ လုပ်လေ့ရှိပေမယ့် ခေတ်သစ် ရုရှားနိုင်ငံမှာတော့ အခုတစ်ကြိမ်က ပထမဆုံး ဖြစ်လာပါတယ်။ ဘာကြောင့် ဘောလ်တစ်ပင်လယ်မှာ ရုရှားက နျူကလီးယားလက်နက်တွေ ဖြန့်ကျက်လာသလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
ဒါပေမဲ့ ရုရှားရဲ့ ရေငုပ်သင်္ဘောနဲ့ စစ်ရေယာဉ်တွေမှာ တပ်ဆင် ပစ်ခတ်နိုင်တဲ့ နျူကလီးယား လက်နက်တွေ၊ ဂြိုဟ်တုတွေကိုပါ ပစ်ချနိုင်တဲ့ လက်နက်တွေကို ဘောလ်တစ်မှာ ဖြန့်ကျက်လာခြင်းက နော်ဝေးနဲ့ NATO မဟာမိတ် နိုင်ငံတွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခုလို့ သတ်မှတ်နိုင်ကြောင်းလည်း နော်ဝေး ထောက်လှမ်းရေးက သတိပေးထားပါတယ်။
နောက်ပြီး ရုရှား-ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး အမေရိကန်၊ NATOနဲ့ နော်ဝေးကိုယ်တိုင် ပါဝင်ရမယ့် ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်း စစ်ပွဲကြီးတစ်ခု ဖြစ်လာနိုင်ခြေကိုလည်း သေချာပေါက် ထည့်တွက်ထားသင့်ကြောင်း နော်ဝေး ထောက်လှမ်းရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နောက်ပြီး ရုရှားဟာ သူတို့ရဲ့ နျူကလီးယား လက်နက်တွေကို ပိုမို အဆင့်မြှင့်ဖို့၊ အရေအတွက် တိုးမြှင့်ဖို့ စဉ်ဆက်မပြတ် ကြိုးစားနေပြီး အဲဒီ သဘောထားနဲ့ မူဝါဒက လာမယ့် နှစ်အတော်များများအထိ ပြောင်းလဲမယ့် အရိပ်အယောင် မရှိသေးကြောင်းလည်း နော်ဝေး ထောက်လှမ်းရေးက အလေးအနက် ယူဆထားပါတယ်။
Ref: Politico