စစ်ကောင်စီရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်မယ့် မွန်ညီညွတ်ရေး ပါတီကိုဝေဖန်မှုတွေရှိနေ

၂၀၂၀ရွေးကောက်ပွဲမတိုင်မီမှာ ပေါင်းစည်းပါတီအဖြစ်နဲ့ ဒေသတွင်းထောက်ခံမှုတွေရခဲ့တဲ့ မွန်ညီညွတ်ရေးပါတီဟာ အာဏာသိမ်းစစ်ကောင်စီက လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲပြိုင်ဖို့အတွက် မှတ်ပုံတင်မယ်ဆိုတာကြောင့် မွန်ဒေသတွင်း နိုင်ငံရေး အင်အားစုတွေနဲ့ မွန်လူငယ်တွေက ဝေဖန်နေကြပါတယ်။

“အားလုံးအကျပ်အတည်းဖြစ်နေတဲ့အချိန်မှာ မွန်လူမျိုးအချင်းချင်းသွေးမကွဲကြဖို့ပြောချင်ပါတယ်၊ဒါပေမဲ့ MUP အနေနဲ့စစ်ကောင်စီအပေါ်ထောက်ခံပြီးအခုလိုပါတီမှတ်ပုံတင်ဖို့ဆောင်ရွက်လိုက်တယ်၊အဲဒီအတွက် နိုင်ငံရေး သမိုင်းမှာကောမွန်လူမျိုးသမိုင်းမှာတော့တကယ့်ကိုအမဲစက်ကြီးတခုဖြစ်သွားပြီလို့ပဲပြောချင်တယ်”လို့ မော်လ မြိုင်မြို့ခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်အမျိုးသမီးတဦးကDNA ကိုပြောပါတယ်။

MUP အနေနဲ့ပါတီမှတ်ပုံတင်ဖို့ စစ်ကောင်စီရွေးကောက်ပွဲအတွက်အခုလိုဆုံးဖြတ်လိုက်တဲ့အပေါ် မွန်လူမျိုးတဦး အနေနဲ့ရောပြည်သူအနေနဲ့ပါလက်မခံနိုင်တဲ့အနေအထားဖြစ်သွားစေတယ်လို့PDF တပ်ဖွဲ့ဝင် မွန်အမျိုးသမီးလူငယ်တဦးကလည်းပြောပါတယ်။

မွန်ညီညွတ်ရေးပါတီပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်ကတော့ ပါတီမှတ်ပုံတင်ရေးကိစ္စဟာ ဗဟိုကော်မတီ အစည်း အဝေးဆုံးဖြတ်ချက်အရ အများသဘောတူဆောင်ရွက်တဲ့ကိစ္စဖြစ်လို့ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး မှတ်ချက် ပေး စရာမရှိဘူးလို့ DNA ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ဥပဒေအရ မွန်ညီညွတ်ရေးပါတီအနေနဲ့ တနိုင်ငံလုံးမှာ စည်းရုံး မယ့် ပါတီအဖြစ် မှတ်ပုံတင်ဖို့ အကန့်အသတ်တွေရှိတာကြောင့် ပြည်နယ်အဆင့်ပါတီအဖြစ်ပဲ မှတ်ပုံတင်ဖို့ ဖေဖော်ဝါရီ ၁၁ရက်က ပြုလုပ်ခဲ့တဲ့ ပါတီဗဟိုကော်မတီအစည်းအဝေးကဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။

 အခုလို ပါတီမှတ်ပုံတင်ဖို့ဆုံးဖြတ်လိုက်တာဟာ မွန်လူမျိုးတွေရဲ့အခွင့်အရေး နစ်နာမဆုံးရှုံးစေရေးအတွက် ပါတီ အနေနဲ့ ဝင်ရောက်ကြိုးပမ်းတဲ့သဘောဖြစ်တယ်လို့ မွန်ညီညွတ်ရေးပါတီဝင်တချို့က ဆိုပါတယ်။

“MUP ဒီလိုလုပ်လိုက်တာဟာ မွန်လူမျိုးတွေ ဒီထက်ပိုပြီး နစ်နာရှုံးဆုံးခံရမှာကြောက်လို့ပဲမြင်တယ်၊ မွန်လူငယ် အချို့က လက်မခံတာလဲရှိမယ် လက်ခံတဲ့လူလဲ ရှိမယ်၊ သူတို့(ပါတီ)အနေနဲ့ ဆုံးဖြတ်ချက်၊ ခံယူချက်ချလိုက် ကတည်းကတခုမဟုတ်တခုတော့မျော်လင့်စရာရှိလို့အခုလိုဆုံးဖြတ်တာဖြစ်ပါတယ်”လို့ရေးမြို့နယ်က ပါတီစည်းရုံးရေးတာဝန်ခံတဦးကပြောပါတယ်။

မွန်ညီညွတ်ညွတ်ရေးပါတီအနေနဲ့မွန်​ပြည်သူလူထုအပေါ်အလေးနက်ထားကာ နိုင်ငံရေးအရပါဝင် လုပ်ဆောင်တာမဟုတ်ဘဲ ပါတီအကျိုးစီးပွားဆုံးရှုံးမှာကို စိုးရိမ်တဲ့စိတ်နဲ့သာ စစ်ကောင်စီထံပါတီ မှတ်ပုံတင်ဖို့ ကြိုးပမ်း ဆောင်ရွက်တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူ ကိုရဲမင်းဦးက ထောက်ပြပါတယ်။

 “နဂိုကတည်းက လူထုကြည့်ပြီး အလေးထားပြီး နိုင်ငံရေးလုပ်ကြတာ မဟုတ်ဘူးလေ ၊ ကိုယ့်ပါတီကို စစ်ကောင်စီက ဖျက်သိမ်းခံရမှာကို ကြောက်တာနဲ့ အကျိုးစီးပွားထိခိုက်မှာကိုစိုးရိမ်လို့ အခုမှတ်ပုံတင်ဖို့ကြိုးစားတာဖြစ်တယ်၊ စစ်တပ်နဲ့ တနည်းနည်းပတ်သက်နေကြတဲ့ မကင်းတဲ့ နယ်ခံဒေသခံပါတီတွေ အများကြီး ပွားထား ကြတာပါ၊ ဆိုတော့ အဲ့ဒီအပေါ်မှာ လူထုက ပဲမှတ်ချက်ပေးပါလိမ့်မယ်၊ အဲ့ဒီထက် ပြောရရင် အာဏာသိမ်းတာကို သွယ်ဝိုက် ၍၎င်း တိုက်ရိုက်၎င်း တနည်းနည်းထောက်ခံပေးနေတယ်ဆိုတာ ထုတ်ဖေါ်ပြသရာရောက် ပါတယ်လို့ ပြောချင် တယ်” လို့ သူကပြောပါတယ်။

 မွန်ညီညွတ်ရေးပါတီ(MUP)ဟာ ပြီးခဲ့တဲ့၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့် အနေနဲ့ ရန်ကုန် တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ၆၅နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မွန်ပြည် နယ်အတွင်းကနေ ၁၂ နေရာ အနိုင်ရရှိခဲ့ပါတယ်။