(၂၀၂၃ ဖေဖော်ဝါရီ ၁၁ ရက်ထုတ် The Economist မဂ္ဂဇင်းပါ “ဒီမိုကရေစီ မီးပွား – အကျင့်ပျက် အာဏာရူးတွေ အာရှမှာ ခေတ်မရှိတော့ပါ” ဆောင်းပါးကို ဧခိုင်က ဘာသာပြန်ဆိုဖော်ပြပါတယ်။)
တစ်ဒါဇင်မကတဲ့ နှစ်တွေအတွင်း လွတ်လပ်၊ တရားမျှတပြီး ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းတွေ အာရှမှာ ပေါ်ပေါက်လာဖို့အရေး the Economist ရဲ့ the Banyan (ညောင်ပင်) ပင်တိုင်ဆောင်းပါးကဏ္ဍကို ထည့်သွင်းလာခဲ့တာ မကြာခင် အကျိုးထူးတော့မှာပါ။
အာရှတိုက်ရဲ့ ဒီမိုကရေစီရွှေခေတ်ကို ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ မြင်ခဲ့ရပြီး ဖိလစ်ပိုင်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ အာဏာရှင်တွေ ထူးထူးခြားခြား ပြုတ်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေထဲမှာတော့ လွတ်လပ်မှုဟာ ခြေလှမ်းပြန်ရုတ်သွားခဲ့တယ်။
ပြီးခဲ့တဲ့နှစ်အထိ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက တရားစီရင်ရေးနဲ့ မီဒီယာတွေပေါ် စော်ကားမော်ကားလုပ်ခဲ့တာတွေ ပြန်တွေးကြည့်ပေါ့။ ကမ္ဘောဒီးယားမှာ ဟွန်ဆန်က အတိုက်အခံတွေကို နှိမ်နင်းခဲ့တာလည်း ပြန်တွေးလို့ရလိမ့်မယ်။ အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာမောဒိကလည်း ဂိုဏ်းဂဏစွဲပေါ်အခြေခံပြီး မီးလောင်ရာလေပင့်လုပ်ခဲ့တာတွေ၊ သူ့အပေါ် ဝေဖန်သူတွေကို နှိပ်ကွပ်ခဲ့တာတွေရှိတယ်။ အင်ဒိုနီးရှားမှာတော့ သမ္မတကို စော်ကားတာကို ရာဇဝတ်မှုမြောက်ဖို့ လုပ်ခဲ့ကြတယ်။
ဒီထဲမှာ ရေစီးကြောင်းကြီးထဲမှာ သိသိသာသာ ဖောက်ထွက်ပြီး ဆန့်ကျင်ဘက်အဖြစ်နဲ့ တိုးခဲ့တာက မြန်မာနိုင်ငံ။ ပျော်မဆုံးမော်မဆုံး ၂၀၁၅ ရွေးကောက်ပွဲက ရာစုနှစ်ထက်ဝက်လောက် တိုင်းပြည်အုပ်ချုပ်ခဲ့တဲ့ စစ်တပ်ကို ဇာတ်သိမ်းပေးခဲ့တယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်မှာတော့ စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ကို ထောင်ထဲပစ်ထည့်ပြီး အာဏာပြန်သိမ်းသွားတယ်။ အဲဒီကတည်းက တိုင်းပြည်ကို အကြမ်းပတမ်း အုပ်စိုးနေတော့တာပဲ။
ဒါပေမယ့် မျှော်လင့်ကြည့်မယ်ဆိုရင်တော့ အလားအလာအရ အာရှမှာ ဒီမိုကရေစီတွေ ပြန်အားကောင်းလာတော့မှာပါ။
ဖိလစ်ပိုင်မှာ ဒူတာတေးနောက် ဆက်ခံမယ့်အစိုးရက သူ့လောက်နီးပါးတော့ နာမည်ဆိုးရှိမယ့်သူ၊ ဖိန့်ဖိန်တုန်အောင် ကြောက်ရမယ့်သူလို့ မျှော်လင့်ထားကြတာ။ နောက်ဆုံးတော့ အသစ်တက်လာတဲ့ ဖာဒီနန် ဘောင်ဘောင် မားကို့စ်ဆိုတာ ၁၉၈၆ ခုနှစ်တုန်းက နိုင်ငံကို သိုက်တူးခဲ့လို့ ဖြုတ်ချခံခဲ့ရသူတဲ့ သားအရင်းခေါက်ခေါက်။ ဒါပေမယ့် ပြီးခဲ့တဲ့ဇွန်လ သူသမ္မတဖြစ်လာချိန်မှာ အုပ်ချုပ်မှုကောင်း ဖြစ်စေရမယ်လို့ အထူးတလည် ပြောခဲ့တယ်။ သူ့အစိုးရအဖွဲ့ ထိပ်ပိုင်းတွေက စွမ်းရည်ရှိတဲ့ လက်တွေ့ဝါဒီတွေပါ။ သူ့အုပ်ချုပ်မှုစွမ်းရည်နဲ့ပဲ အကဲဖြတ်ပါလို့ ပြောခဲ့တယ်။ ခုထိတော့ စိတ်ပျက်စရာ မဖြစ်ရသေးဘူးပေါ့။
သီရိလင်္ကာမှာတော့ ရာဂျာပါက်စတို့မိသားစုထဲက သမ္မတ ဂေါတဘယကို ရုပ်ပြတင်၊ နောက်ကွယ်က ကြိုးကိုင်နေတဲ့ ညီအစ်ကိုတွေ အစိုးရလုပ်တမ်းကစားလိုက်တာ တိုင်းပြည်လည်း ခြုံးခြုံးကျ။ အဲဒီနောက်မှာပဲ ပြီးခဲ့တဲ့နှစ်က အုံးအုံးကြွက်ကြွက် ဝိုင်းဆန္ဒပြလို့ သမ္မတကြီး ရာဂျာပါက်စလည်း တိုင်းပြည်ကထွက်ပြေး၊ သူ့ညီတော်နောင်တော်တွေလည်း အာဏာလက်မဲ့ဖြစ်။ ဒါဟာ သီရိလင်္ကာ ပြန်နိုးထခြင်းရဲ့ ကနဦးအစပဲရှိသေးတယ်။ ဒါပေမယ့် ရာဂျာပါက်စ မိသားစုတွေကို ဖယ်ရှားနိုင်တာကတော့ ဖြစ်ကိုဖြစ်ရမယ့် ကနဦးပြဋ္ဌာန်းချက်ပဲ။
ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ဖီဂျီ ကျွန်းနိုင်ငံမှာ အာဏာအလွှဲအပြောင်းတစ်ခု ဖြစ်ခဲ့သေးတယ်။ သိပ်မချောမွေ့ခဲ့ပေမယ့် အားလုံးစိုးရိမ်နေကြသလို ဖွပ်ဖွပ်ညက်ညက် ကြေသွားတာတော့ မဖြစ်ခဲ့ပါဘူး။ ဖီဂျီရဲ့ ပြုတ်လေသူ ဝန်ကြီးချုပ် ဖရန့်ခ် ဘိုင်နီမာရမာက အာဏာသိမ်းပြီး အုပ်ချုပ်လာတာ ၁၆ နှစ်ရှိပြီ။ သူ့ကို ထပ်ရွေးကောက်တင်မြှောက် မခံရတာတောင်မှ မောင်မင်းကြီးသားက စဉ်းစားတော်မူပြီးမှ ဆင်းပေးဖို့ သဘောတူခဲ့တာ။
မလေးရှားမှာ ဘေးဖယ်ထုတ်ခံထားခဲ့ရတဲ့ ပြုပြင်ပြောင်းလဲရေးသမား အန္နဝါ အီဗရာဟင်က ပြီးခဲ့တဲ့လတွေအတွင်း ဝန်ကြီးချုပ် ဖြစ်လာပြီး အာဏာ လက်လွှဲလက်ပြောင်းက ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့တယ်။
ထိုင်းမှာတော့ ပရာယွတ် ချန်အိုချာဆိုတဲ့ အာဏာသိမ်း ခေါင်းဆောင်ကြီးနဲ့ သူစစ်တပ်မှာ ရှိခဲ့စဉ်က နောက်မြီးစွဲခဲ့တဲ့ ခရိုနီအပေါင်းအပါတသိုက်က ဘုရားစူး အရပ်သားအစိုးရ ဖွဲ့ကြပါသတဲ့။ ပြီးတော့လည်း လာမယ့်နှစ် ရွေးကောက်ပွဲ လုပ်ပေးမှာပါတဲ့။ သူတို့က အာဏာကို လက်ခုပ်ထဲ ထည့်ထားချင်ဦးတော့ သိပ်မသေချာတော့ပါဘူး။ ပရာယွတ်နဲ့ အဖွဲ့တော်သားတွေကို “အဘတို့တွေ” လို့ ခပ်လှောင်လှောင်ခေါ်တဲ့ အတိုက်အခံအဖွဲ့ ပေါ်လာပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်နေပါပြီ။
စစ်ကြောင့် ဖွပ်ဖွပ်ကြေနေတဲ့ မြန်မာနိုင်ငံအကြောင်းက နည်းနည်းလေးမှ ပြုံးရက်စရာမရှိပေမယ့် ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်ဗိုလ်ချုပ် မင်းအောင်လှိုင်က ဒီမိုကရေစီအတွက် ရုန်းကန်ကြိုးပမ်းလျက် ရှိပါသတဲ့။ အီရန်နိုင်ငံက လူငယ်တွေလိုပဲ အစဉ်လာစွဲမကြီးကြသူ၊ နော်တော် အစ်မတော်မျိုးဆက်များထက် လိုလားထက်သန်သူ လူငယ်တွေဟာ သူတို့ရဲ့ လွတ်လပ်မှုအတွက် အသေခံဖို့ ဝန်မလေးကြောင်း သက်သေပြနေကြပါပြီ။ ဒီမိုကရေစီဟာ ဖြည်းဖြည်းချင်းနဲ့ မြန်မာပြည်ကို တန်းတန်းမတ်မတ် ပြန်ရောက်လာတော့မှာပါ။
မီးပွားလေးတွေဟာ အကွက်ကျ အဆင်ကျရှိနေဖို့တော့ မလိုပါဘူး။
ပြီးတော့ ပြောရမယ့်ကိစ္စက အာရှတိုက် ဒေသအများစုဟာ ဒီမိုကရေစီကို ပီပီပြင်ပြင် ရင်းနှီးကျွမ်းဝင်ဖို့ လိုနေပါသေးတယ်။ တရုတ်၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ သုံးနိုင်ငံပဲ ကျန်တော့တဲ့ လီနင်ဝါဒီ အာဏာရှင်နိုင်ငံတွေ။ သူတို့ပြီးရင် ကျန်တာက မြောက်ကိုရီးယား။
ဘာပဲဖြစ်ဖြစ် အာရှရဲ့ နိုင်ငံရေးစိတ်အဟုန်တွေက ပြောင်းလဲလာတော့မယ့် အနေအထားပဲ။
အာဏာရှင်စနစ်တွေဟာ လဆုတ်ရက်တွေထဲ ရောက်လာပါပြီ။ အကြောင်းကတော့ သူတို့က ပြည်သူတွေအတွက် ဘာမှ ကောင်းကျိုးမပေးလို့ပါ။ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ စီးပွားရေးကဏ္ဍ၊ ကိုဗစ်-၁၉ နဲ့ အမေရိကန်ဆက်ဆံရေးတွေကိုကြည့်ပြီး အာရှနိုင်ငံတွေဟာ တရုတ်ရဲ့အုပ်ချုပ်ရေးပုံစံကို သဘောကျနေတာတွေ ကြက်ပျောက်ငှက်ပျောက် ဖြစ်လာကြပါပြီ။
ဗလာဒီမာပူတင်ရဲ့ ယူကရိန်းစစ်ပွဲမှာ အလဲလဲအကွဲကွဲ ဖြစ်ပုံကြောင့် သူ့ကို သဘောကျ အားပေးနေတွေ အာရှတိုက်ကို ဖင်ပြန်ခေါင်းပြန်လှန်ကြည့်ရင်တောင် တွေ့ဖို့ခက်သွားပါပြီ။
သီရိလင်္ကာမှာတော့ ရာဂျာပါက်စဆိုရင် နိုင်ငံစီးပွားရေးကို မြေပြင်ထက် ညက်ညက်ကြေအောင် လုပ်ခဲ့တာကြောင့် နောက်တစ်ခါ မလာချင်ပါနဲ့လို့ ဖြစ်နေပါပြီ။
ဒီထက်ပိုတာကတော့ အာရှနိုင်ငံများစွာဟာ လမ်းမှန်ပေါ်ပြန်ရောက်အောင် လုပ်ရမယ့်နည်းတွေကို သိခဲ့တာ ကြာပါပြီ။ ဖီဂျီ၊ မလေးရှားနဲ့ သီရိလင်္ကာတို့မှာ ကျင့်သုံးတဲ့ (ပါလီမန်က တင်မြှောက်တဲ့ ဝန်ကြီးချုပ်ဦးဆောင်တဲ့) ဝက်စ်မင်စတာစနစ်ဟာ တစ်ရံတစ်ခါမှာ အလွဲသုံးစားလုပ်ခံကြရဖူးပေမယ့် တာဝန်ခံမှုရှိစေမယ့် အလေ့အကျင့်တွေ ဖြစ်လာအောင် ဘယ်လမ်းကိုရွေးရမယ်ဆိုတာ သံမှိုနှက်သလို မှတ်ခဲ့ကြပြီးသားပါ။
အိန္ဒိယနဲ့ အင်ဒိုနီးရှားမှာ နောက်ပြန်လန်ကျခဲ့ပေမယ့် သူတို့ရဲ့ အစဉ်အလာရှိတဲ့ လွတ်လွတ်လပ်လပ်ရွေးကောက်ပွဲတွေကနေ ဒီမိုကရေစီ ပြန်လည်နိုးထဖို့ လမ်းတွေ့ကြမှာပါ။ ကျန်တဲ့နေရာတွေမှာလည်း အာဏာတည်မြဲရေးအတွက် လံကြုပ်ရွေးကောက်ပွဲတွေ ကျင်းပကြတဲ့ အကျင့်ပျက်အာဏာရူးတွေဟာ ထိန်းချုပ်မှု မနိုင်နင်းတော့ပါဘူး။
လာမယ့် ဇူလိုင်လ နောက်ဆုံးထားပြီး ရွေးကောက်ပွဲကျင်းပရမယ့် ကမ္ဘောဒီးယားမှာ ဟွန်ဆန်က သူတစ်ချိန်က ဖင်မှန်းခေါင်းမှန်းမသိ ခွင့်ပြုထားခဲ့တဲ့ အတိုက်အခံတွေကို ချွေးသိပ်ထားလို့ ရတော့မှာမဟုတ်ဘူးဆိုတဲ့ နိမိတ်တွေပြနေပါပြီ။ သူ့ရဲ့ အာဏာရပါတီက ဝင်ပြိုင်ခွင့်ရဖို့တောင် အာမခံချက်မရှိတော့ပါဘူး။
ဒီမိုကရေစီ ပြန်လည်သစ်လွင်နိုးထမှုမျိုးစေ့တွေက အာရှမှာ ဖြန့်ကျက်နေပါပြီ။