ရန်ကုန်က တော်လှန်ရေးအဖွဲ့တွေကို စစ်ကောင်စီက ပုံစံပြောင်းဖမ်းဆီးလာ

ရန်ကုန်အခြေစိုက် မြေအောက်တော်လှန်ရေးအဖွဲ့အသွင်ယူထားတဲ့ စစ်ကောင်စီ ထောက်လှမ်းရေးအဖွဲ့တခုရဲ့ သတင်းအချက်အလက်တွေပေါက်ကြားခဲ့ပြီးနောက် စစ်ကောင်စီက ရန်ကုန်မှာ တော်လှန်ရေးအဖွဲ့တွေကို ပုံစံ ပြောင်းပြီး ဖမ်းဆီးတာတွေလုပ်ဆောင်လာတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ​ပြောပါတယ်။

 စစ်ကောင်စီဟာ လက်ရှိမှာ တော်လှန်ရေးအဖွဲ့ဝင်တွေကို အရင်ကလို သတင်းရရင်ရသလို ဖမ်းဆီးတာမျိုး မဟုတ်ဘဲ အချိန်ယူပြီးမှ လူဦးရေအများအပြားကို တစ်ပြိုင်နက်ထဲ ဝင်ရောက်ဖမ်းဆီးတာမျိုး ပြောင်းလဲလုပ် ဆောင်လာတာဖြစ်တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့အများအပြားချိတ်ဆက်ထားတဲ့ YUA တာဝန်ခံ ဆရာကျောင်းက DNAကိုပြောပါတယ်။

“အရင်လို တစ်ယောက်စ နှစ်ယောက်စ ရတဲ့သူကို မဖမ်းပဲ အချိန်ပေးပြီး ဦးရေများမှ ဝင်ဖမ်းလာတဲ့သဘောတော့ တွေ့ရပါတယ်၊ကိုယ့်ဘက်က ပိုပါးနပ်ပြီး လုံခြုံရေးစည်း အထပ်ထပ်ချထားတာတော့ အကောင်းဆုံးပါပဲ”လို့ သူကပြောပါတယ်။

လက်ရှိဖေဖော်ဝါရီလအတွင်းမှာ စစ်ကောင်စီထောက်လှမ်းရေးအဖွဲ့တွေက အဲ့ဒီလိုပုံစံပြောင်း ဖမ်းဆီးမှုတွေ ကြောင့် ရန်ကုန်မြို့တွင်းကမြေအောက်တော်လှန်ရေးအဖွဲ့ဝင်အများအပြားဖမ်းဆီးခံရတာတွေရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက လှိုင်မြို့နယ်၊အင်းစိန်မြို့နယ်၊အလုံမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်တွေမှာ အင်အား သုံး ဖမ်းဆီးခဲ့တာတွေရှိတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။ ဖမ်းဆီးခံရတဲ့ လူဦးရေအရေအတွက်နဲ့ ဖမ်းဆီးခံရတဲ့ ​အဖွဲ့ဝင်တွေဟာ ဘယ်အဖွဲ့တွေကဖြစ်တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

“ဖမ်းခံရတယ်ဆိုတဲ့ သတင်းကြားပေမယ့် အဆက်စပ်က သိပ်မရှိတော့လေ၊အတည်ပြုပေးလို့တော့ မရဘူးဗျ၊ YUA ပြင်ပဖြစ်နေတော့ ဘောင်ကျော်သွားမစိုးလို့ပါ၊လုံခြုံရေးအရရောပေါ့”လို့ YUAတာဝန်ခံ ဆရာကျောင်းက ပြောပါတယ်။

စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာတော့ ရန်ကုန်မှာ ပစ်ခတ်သတ်ဖြတ်မှုတွေကျူးလွန်ဆက်စပ်နေတဲ့ လှိုင်မြို့ နယ်က တော်လှန်ရေးအဖွဲ့ဝင် ခုနစ်ဦးကို အခုလအတွင်း သုံးရက်ဆက်တိုက် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုဖမ်းဆီးပြီးနောက် လတ်တလောရက်ပိုင်းအတွင်းမှာလည်း စစ်ကောင်စီက လှိုင်မြို့နယ်အတွင်းနေထိုင်တဲ့ လူငယ်အများအပြားကို ဆက်တိုက်ဆိုသလို ဆက်လက်ဖမ်းဆီးနေတယ်လို့ မျက်မြင်ဒေသခံတွေဆီကသိရပါ တယ်။

အဲ့ဒီနောက်ဆက်တွဲဖမ်းဆီးမှုတွေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

“သူတို့ထုတ်ပြန်တဲ့သူတွေက၁၂ရက်နေ့က အဖမ်းခံရတဲ့ လူငယ်တွေမဟုတ်သေးဘူး၊ဒါသူတို့အရင် ဖမ်းမိတဲ့ သူတွေဖြစ်နိုင်တယ်၊၁၂ရက်နေ့က ဖမ်းသွားတာက လူငယ်တွေချည်းပဲ၊ကျွန်တော်တိုလည်း ဒီကလေးတွေ ကို သိတယ်၊ဒါပေမယ့် သူတို့သတင်းထဲက လူတွေမဟုတ်ဘူး၊ဖမ်းသွားတာလည်း ဆယ်ယောက်ကျော် လောက် ရှိတယ်”လို့ လှိုင်မြို့နယ် ၊၁၆ရပ်ကွက်နေ ဒေသခံတဦးကပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေဟာ ရန်ကုန်မြို့တွင်းမှာ ရဲကား၊DCကားတွေနဲ့ ကင်းလှည့်တာတွေအပြင် လမ်းသွားလမ်းလာလူငယ်တွေကို စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ ဆိုကြပါတယ်။