သီပေါဘုန်းတော်ကြီးကျောင်းမီးလောင်မှုမှာ အသက်ဆယ်နှစ်အရွယ် စာသင်သား ကိုရင်တပါးပျံလွန်တော်မူ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ထဲက စံဖိတ်ကျေးရွာမှာရှိတဲ့ မဏိရတနာစံဖိတ်ကျောင်းတိုက်မှာ မနေ့ဖေဖော်ဝါရီ ၁၃ ရက်ညပိုင်းက မီးလောင်မှုဖြစ်ခဲ့ပြီး အသက် ၁၀နှစ်အရွယ်စာသင်သားကိုရင်တပါးပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မနေ့ညပိုင်း ၉နာရီဝန်းကျင်လောက်မှာ မဏိရတနာစံဖိတ်ကျောင်းတိုက်တွင်းမှာရှိတဲ့ ဘုရားစင်မှာ ဆီမီးပူဇော်ရာကနေ အခုလိုမီးလောင်ကျွမ်းမှုဖြစ်တာလို့ သွားရောက်ကူညီတဲ့ ပရဟိတအဖွဲ့တွေရဲ့ပြောပြချက်အရသိရပါတယ်။

”ကိုရင်လေးက မီးလောင်နေတုန်း ပစ္စည်းဝင်ယူရင်း ပြန်မထွက်လာနိုင်တော့ဘဲ မိးလောင်ပြီး ပျံလွန်တော်မူသွားတာပါ။ ကိုရင်လေးတပါးပျောက်တယ်ဆိုလို့ လိုက်ရှာရာကနေ မီးငြိမ်းကာနီးလောက်မှာပဲ ကျောင်းတိုက်ထောင့်နားမှာရုပ်အလောင်းကိုတွေ့တာပါ” လို့ သီပေါမြို့နယ်က ပရဟိအဖွဲ့တခုဖြစ်တဲ့ နယ်စည်းမခြားအဖွဲ့ကတာဝန်ရှိသူက DNA ကိုပြောပါတယ်။

ပျံလွန်တော်မူသွားတဲ့ကိုရင်လေးရဲ့ မိဘနှစ်ပါးဟာ တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်နေကြတယ်လို့လည်းသူကဆက်ပြောပါတယ်။

မနေ့ညကမီးလောင်မှုကြောင့် ဘုန်းတော်ကြီးကျောင်းဆောင်က ယာယီအဆောင်တဆောင်နဲ့ ကျောင်းတိုက်ကြီးတခုမီးလောင်သွားပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၆၀ ကျော်တယ်လို့လည်းသိရပါတယ်။