လျှပ်စစ်ဖြန့်ဝေမှုကို ရုရှားတိုက်ခိုက်နေမှုအပေါ် ကြံ့ကြံ့ခံလာနိုင်ပေမယ့် စိတ်မချရသေးဘူးလို့ ယူကရိန်း သမ္မတပြော

နိုင်ငံရဲ့ လျှပ်စစ် ဓာတ်အားပေး ကွန်ရက်တွေ ပုံမှန် ပြန်လည်ပတ်လာနိုင်ပြီ ဖြစ်ပေမယ့် ဒီအတွက် အောင်ပွဲခံဖို့ စောလွန်းနေသေးတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သတိပေးခဲ့ပါတယ်။ 

ရုရှားရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်ဖျက်ဆီးမှုတွေကို ကြံ့ကြံ့ခံ အန်တုရင်း နိုင်ငံရဲ့ ဓာတ်အားပေး ကွန်ရက်တွေကို ပြန်လည်ပြင်ဆင်နိုင်ခဲ့တဲ့ စွမ်းဆောင်ရည်အပေါ် ဇီလန်စကီးက အလေးအနက် ချီးကျူးခဲ့တဲ့တိုင် ပြည်သူတွေ အနေနဲ့ စွမ်းအင် ဖြန့်ဝေရေး ကဏ္ဍအပေါ် ရုရှားရဲ့ ရန်လို တိုက်ခိုက်မှုကနေ ကျော်လွှား အောင်မြင်ခဲ့ပြီလို့ အယူအဆ မမှားကြဖို့ ပြောကြားခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းနိုင်ငံ အနှံ့အပြားက ဓာတ်အားပေး စက်ရုံတွေ အပါအဝင် အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ဒုံးကျည်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် ဖျက်ဆီးခဲ့တာကြောင့် ချမ်းအေးလှတဲ့ ဆောင်းရာသီမှာ အရပ်သား ပြည်သူတွေဟာ ခက်ခဲ ကြမ်းတမ်းလှတဲ့ အခြေအနေမျိုး ကြုံတွေ့ ဖြတ်သန်းခဲ့ကြရပါတယ်။

အခုအခါမှာတော့ ယူကရိန်းက ပျက်စီးနေတဲ့ ဓာတ်အားပေးကွန်ရက် စနစ်တွေ အားလုံးနီးပါးကို ပြင်ဆင်ပြီးစီးလို့ လျှပ်စစ်ဓာတ်အား ပြန်ဖြန့်ဝေနေနိုင်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ရုရှားက ဒုံးကျည်နဲ့ ဒရုန်းတွေ အသုံးပြုပြီး ယူကရိန်း ဓာတ်အားပေး စက်ရုံတွေကို ထပ်မံ တိုက်ခိုက်ခဲ့ပေမယ့် ပြည်တွင်းမှာ ဓာတ်အားပြတ်တောက်မှု အနည်းအကျဉ်းသာ ရှိတော့သလို အဲဒီပြဿနာကိုလည်း ခပ်မြန်မြန် ပြင်ဆင်နိုင်ခဲ့ပါတယ်။

ဒုံးကျည် တိုက်ခိုက်မှုတွေနဲ့ အကြီးအကျယ် ကြုံခဲ့ရတာတောင်မှ စွမ်းအင်ဖြန့်ဝေမှု ကဏ္ဍမှာ အေးချမ်း အဆင်ပြေတဲ့ နေ့ရက်တွေကို ဆက်လက် ပိုင်ဆိုင်ခွင့် ရခဲ့တဲ့အတွက် ယူကရိန်းရဲ့ လျှပ်စစ် ဝန်ထမ်းတွေကို ချီးကျူး ကျေးဇူးတင်ရမယ်လို့ ဇီလန်စကီးက ပြောပါတယ်။

ဒီအခြေအနေကို အသိအမှတ် ပြုရမှာ ဖြစ်ပေမယ့် စွမ်းအင် စစ်မျက်နှာမှာ ရုန်းကန် တိုက်ခိုက်နေရတဲ့ အခြေအနေက ပြတ်သားတဲ့ အောင်ပွဲမျိုး ရလာတာတော့ မဟုတ်သေးကြောင်း၊ ရုရှားဆီက နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှု အသစ်တွေ ထပ်ရောက်လာနိုင်တယ်ဆိုတဲ့ အရှိတရားကို ကံမကောင်းစွာနဲ့ဘဲ လက်ခံထားရဦးမှာ ဖြစ်ကြောင်း၊ ဓာတ်အားပေး ဌာနတွေကို နောက်ထပ် တိုက်ခိုက် ဖျက်ဆီးမှု အသစ်တွေ ကြုံလာရနိုင်တဲ့ အလားအလာ အတွက်လည်း အမြဲတမ်း အသင့်ပြင်ထားရမှာဖြစ်ကြောင်း ဇီလန်စကီးက သူ့ရဲ့ ဗီဒီယို မိန့်ခွန်းထဲမှာ ထောက်ပြ သတိပေးသွားခဲ့ပါတယ်။

ယူကရိန်း စွမ်းအင်ဝန်ကြီး ဂါမန် ဂါလုရှ်ချန်ကိုကတော့ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် စွမ်းအင် ဖြန့်ဝေနိုင်စွမ်း ထိခိုက်ခံရမှုတွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း သိသိသာသာ လျော့ပါးသွားပြီး ဒီအတွက် အရမ်းမြန်ဆန် ထိရောက်တဲ့ ပြန်လည် ပြင်ဆင်မှု အစီအမံတွေကို ကျေးဇူးတင်ရမှာဖြစ်ကြောင်း မှတ်ချက် ပေးသွားခဲ့ပါတယ်။

 

Ref: Reuters