VAR အဆုံးအဖြတ် အမှားအယွင်းတွေနဲ့ ပတ်သက်လို့ အင်္ဂလန် ဒိုင်လူကြီးအဖွဲ့ ဖြေရှင်း

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ် တချို့မှာ ဒိုင်လူကြီး အထောက်အပံ့ စနစ် (VAR)ရဲ့ လွဲချော်မှုတွေ ဖြစ်ခဲ့တာဟာ စနစ်ကြောင့် မဟုတ်ဘဲ လူသားတွေရဲ့ ဆုံးဖြတ်ချက် အမှားသာ ဖြစ်တယ်လို့ အင်္ဂလန် ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးများ လီမိတက် (PGMOL)က ထုတ်ပြန် ဖြေရှင်းခဲ့ပါတယ်။

PGMOLရဲ့ အကြီးအကဲဖြစ်သူ ဟောင်းဝပ်ဝက်ဘ်က ဖေဖော်ဝါရီ ၁၁ ရက်က ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်နှစ်ခုမှာ သိသာထင်ရှားတဲ့ VAR ဆုံးဖြတ်ချက် အမှားတွေ ရှိခဲ့တာကို အသိအမှတ်ပြုခဲ့ပြီး အဲဒီကိစ္စနဲ့ ပတ်သက်လို့ အဓိက နစ်နာခဲ့တဲ့ အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ ဘရိုက်တန်တို့ဆီ ဆက်သွယ် ရှင်းပြထားတယ်လို့ ပြောပါတယ်။

အမ်းမရိတ်စ်မှာ အာဆင်နယ်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ရဲ့ ချေပဂိုးက လူကျွံနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပြီး အဲဒီပွဲစဉ်အတွက် VAR စနစ်ကို ကိုင်တွယ်တဲ့ လီမေဆန်ဟာ လူကျွံဘော ကိစ္စကို ပြန်စစ်ဆေးရာမှာ သတ်မှတ် ညွှန်ကြားချက်တွေအတိုင်း မဆောင်ရွက်မိခဲ့ဘူးလို့ ဝက်ဘ်က ဆိုပါတယ်။

ချေပဂိုး ပေးလိုက်ရတာကြောင့် ရမှတ် ၂ မှတ် နစ်နာသွားတဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်တွေ အတွက်ပါ အထိုက်အလျောက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

ဘရန့်ဖို့ဒ်အတွက် အိုင်ဗန်တိုနေး သွင်းယူခဲ့တဲ့ ဂိုးမှာ မေဆန်က ဘရန့်ဖို့ဒ် ကစားသမား အီသန် ပင်နော့ခ်က အာဆင်နယ် နောက်ခံလူ ဂေဘရီရယ်လ် မာဂါဟေးလ်ကို ပြစ်ဒဏ် ကျူးလွန်ရာ ရောက်မရောက် အဓိက စစ်ဆေးခဲ့ပေမယ့် နောက်ထပ် ဘရန့်ဖို့ဒ် ကစားသမား တစ်ဦးဖြစ်တဲ့ ခရစ္စတီယန် နော်ဂတ်ဒ် အနေနဲ့ လူကျွံနေခဲ့သလား ဆိုတာကို ကွန်ပျူတာနဲ့ မျဉ်းကြောင်းတွေ ဆွဲကြည့်ပြီး စစ်ဆေးဖို့ ပျက်ကွက်ခဲ့ပါတယ်။

ဒါ့အပြင် ဆဲလ်ဟာ့စ်ပက်ခ် ကွင်းမှာ ယှဉ်ပြိုင်ကစားပြီး တစ်ဂိုးစီ သရေကျခဲ့တဲ့ ခရစ္စတယ်လ် ပဲလေ့စ်နဲ့ ဘရိုက်တန်တို့ရဲ့ ပွဲစဉ်မှာလည်း ဘရိုက်တန် ကစားသမား ပါဗစ် အက်စ်တူပီနန်ရဲ့ သွင်းဂိုးကို VAR အဆုံးအဖြတ်အရ လူကျွံတယ်လို့ သတ်မှတ်ပြီး ပယ်ဖျက်ခဲ့ပါတယ်။ ဒါပေမဲ့ ပြန်လည် စစ်ဆေးတဲ့အခါ ဆွဲထားတဲ့ လိုင်းတွေက နေရာမှားနေတာ တွေ့ရပြီး တကယ်တမ်းကျတော့ အက်စ်ပီတူနန်က လူမကျွံခဲ့ပါဘူး။

PGMOLက အခုကိစ္စ နှစ်ခုကို ပြန်လည် စစ်ဆေးခဲ့ပေမယ့် နောက်ဆက်တွဲ အရေးယူမှု တစ်ခုခု အတွက်တော့ စီစဉ်မထားဘူးလို့ ဆိုပါတယ်။ ဝက်ဘ်ဟာ ပရီးမီးယားလိဂ်ရဲ့ ဒိုင်အဆုံးအဖြတ် စွမ်းဆောင်ရည် အဆင့်အတန်းတွေကို သိသိသာသာ မြှင့်တင်နိုင်ဖို့ ကြိုးစားမယ်လို့ ကြွေးကြော်ထားပေမယ့် အခုလို ကိစ္စတွေ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ် မန်နေဂျာ မစ်ကယ် အာတီတာကတော့ အစောပိုင်းမှာ VARနဲ့ ပတ်သက်လို့ ပြိုင်ပွဲ တာဝန်ရှိသူတွေက စည်းမျဉ်းတွေကို လိုသလို ပြောင်းလဲနေတယ်လို့ ဝေဖန်ခဲ့ပြီး လီဗာပူးလ် ကွင်းလယ် ကစားသမားဟောင်း ဒန်နီမာဖီကလည်း ဆိုးရွား စုတ်ပြတ်လွန်းတဲ့ ဆုံးဖြတ်ချက် တစ်ခုအဖြစ် မှတ်ချက် ပေးခဲ့သေးကြောင်း သိရပါတယ်။

 

Ref: BBC