ပုလောမှာ အုပ်ချုပ်ရေးမှူးမိသားစုလိုက်အသတ်ခံရ၊ အသက် ၂နှစ်အရွယ်ကလေးငယ်အပါအဝင် ကလေးငယ် ၅ဦးပါဝင်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့မှာ မနေ့ ဖေဖော်ဝါရီ ၁၁ ရက် ည ၇ နာရီခွဲခန့်က ညောင်ရှင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးမိသားစုဝင် ၇ ဦး နေအိမ်မှာ အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက် ည ၇ နာရီခွဲခန့်မှာ ညောင်ရှင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်ထဲကို အမည်မသိလက်နက်ကိုင် အဖွဲ့တခုက ဝင်ရောက်လာပြီးနောက် နေအိမ်မှာရှိနေတဲ့ အုပ်ချုပ်ရေးမှူး၏ဇနီး၊ သမီး၊ မြေးတွေကို သေနတ်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံ တစ်ဦးက DNA ကို ပြောပါတယ်။

“ အုပ်ချုပ်ရေးမှူးကို လာပစ်လာတာလို့ ထင်တယ်။ အုပ်ချုပ်ရေးမှူးက အိမ်မှာ မရှိနေဘူး၊ အိမ်မှာက သူ့ဇနီး၊ သူ့သမီး၊ သူ့မြေးတွေထဲ ရှိနေတာ၊ လက်နက်ကိုင်ထားတဲ့ လူတစ်စုက တံခါးဖွင့်ခိုင်းပြီး အိမ်ထဲရှိသူမျှလူတွေကို အကုန်ပစ်သတ်သွားတာပါ။ အားလုံးပေါင်း ၇ ယောက်ပါ၊ အားလုံးသေပါတယ်” လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတဦးက DNA ကိုပြောပါတယ်။

သေနတ်ပစ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်သူ အသက် ၆၁ နှစ်အရွယ်ကြင်နွဲ့၊ သမီးဖြစ်သူ ဒေါ်သန်းသန်းမော်နဲ့ မြေးဖြစ်သူ အသက် ၁၇ နှစ်အရွယ် မောင်နေထက်သိန်း၊ မောင်ဇေယျာအောင် ၁၆ နှစ်၊ မောင်စိုးမင်းပိုင် ၁၃ နှစ်၊ မမေဇင်ဖြူ ၉ နှစ်အရွယ်နဲ့ မောင်သားသား ၂ နှစ်ကျော်အရွယ်တို့ဟာပွဲချင်းပြီး နေအိမ်မှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ညောင်ရှင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေသူဖြစ်သလို သူရဲ့ သမက်ဖြစ်သူဟာလည်းပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

DNA အနေနဲ့တော့ ဒေသခံတွေရဲ့ အခုလိုပြောဆိုချက်အပေါ် သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

အခုလိုပစ်ခတ်မှုဖြစ်ပွားချိန်မှာတော့ အုပ်ချုပ်ရေးမှူးနဲ့ သားမက်ဖြစ်သူ နှစ်ဦးလုံးဟာနေအိမ်မှာမရှိနေကြဘူးလို့ ဆက်သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပုလောမြို့နယ်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Palaw PDF အဖွဲ့ထံကို DNA က ဆက်သွယ်ခဲ့ရမှာတော့ အုပ်ချုပ်ရေးမှူးအသတ်ခံရတဲ့ဖြစ်စဉ်တွေမှာ သူတို့အဖွဲ့တွေသက်ဆိုင်ခြင်းမရှိဘဲ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

“ ကျွန်တော်တို့လည်း ကြားပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့နဲ့ ပတ်သက်မှုမရှိပါဘူး။ စုံစမ်းရသလောက်ဆိုရင် ဒီကိစ္စမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ပတ်သက်မှုရှိနေတယ်လို့ သိရပါတယ်။ ကျွန်တော်တို့နဲ့တော့ နည်းနည်းအလှမ်းဝေးပါတယ်။ အဲဒီကျောက်တော်ကြီးမှာပေါ့၊ ဒီကိစ္စက ဆေးကြောင်မှုလို့ သိထားရတယ်။ ဒီလိုလူမျိုးတုံးသတ်ဖြတ်မှုကိုတော့ ကျွန်တော်တို့ လုပ်မှာမဟုတ်ဘူး” လို့ ပြောပါတယ်။

ဒါပြင် ပုလောမြို့နယ် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ကလည်း အခုဖြစ်စဉ်ဟာ သူတို့အဖွဲ့နဲ့သက်ဆိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးအိမ်ကိုလာတာ ကလေးက တံခါးထဖွင့်တော့ ကလေးကို အရင်ပစ်သွားတာ၊ အားလုံး ၇ ယောက်သေတယ်၊။ ဒီကိစ္စက ကျွန်တော်တို့လည်း လိုက်နေတာပဲ၊ တိကျတဲ့အဖြေတစ်ခုက မထွက်သေးဘူး၊ ဘယ်သူဘယ်ဝါလုပ်သွားလဲဆိုတာ မသိရသေးဘူးပေါ့နော်၊ ကျွန်တော်တို့အဖွဲ့နဲ့ ပတ်သက်မှု မရှိပါဘူး၊ လုံးဝသေချာပါတယ်” လို့  ပြောပါတယ်။

ဒီအသတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီထောက်ခံလူမှုကွန်ယက်စာမျက်နှာတွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲပြောဆိုချက်တွေရှိနေပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းထားတဲ့ ၂နှစ်တာကာလအတွင်း တနင်္သာရီတိုင်းထဲမှာ အရပ်သား ၃၆၀ အထိရှိနေတယ်လို့ တနင်္သာရီတိုင်းအတွင်းကအခြေအနေတွေကို မှတ်တမ်းတင်နေတဲ့ Southern Monitor အဖွဲ့ကပြီးခဲ့တဲ့  ဖေဖော်ဝါရီ ၇ ရက်မှာထုတ်ပြန်လာပါတယ်။