လောင်းရှည်ကစစ်အုပ်စုတပ်စွဲရာနေရာငါးခုတပြိုင်တည်းတိုက်ခိုက်ခံရ၊နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိ

ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် လောင်းရှည်ဒေသမှာ ကပစ (၂၅) အထိုင်တပ်စခန်းအပါအဝင် စစ်ကောင် စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ နေရာ(၇) ခုကို ဖေဖော်ဝါရီလ ၉ ရက် မနက်တနာရီကျော်မှာ တပြိုက်နက် အနီးကပ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ လောင်းရှည်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ 
ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ရဲသုံးဦး၊ စစ်သားရှစ်ဦး စုစုပေါင်း (၁၁) ဦး သေဆုံးပြီးထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ လောင်းရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ခရိုင်အမှတ်(၆) တပ်ရင်း သတင်းတာဝန်ခံက DNA ကို ပြောပါတယ်။ 
“စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာ (၅)ခုကို တပြိုက်နက်တိုက်ခိုက်ရတာက လောင်းရှည်မှာက တော့ လေးနေရာပေါ့နော်၊ မီးသတ်ကုန်း၊ ရဲစခန်းကုန်း၊ စက်တော်ရာကုန်း၊ ယွန်းကျောင်းအောက် ဒါတွေက တခုနဲ့ တခုကို လက်နက်ကြီးနဲ့ ပစ်ကူတာတို့ ချိတ်ဆက်နေတော့ တနေရာကတော့ ညောင်ချောင်းကင်းစခန်းဖြစ်ပါတယ်၊လောင်းရှည်ရဲ့ နှစ် မိုင်ခွဲလောက်မှာ ရှိတယ်၊ကပစ ၂၅ ကို သွယ်တန်းထားတဲ့ လမ်းပေါ်မှာ ရှိတယ်၊ ဒါကလည်း အချိန် မရွေး လောင်းရှည်ဘက်ကို စစ်ကူပေးနိုင်တဲ့ နေရာပါ၊ဒီလို စစ်ကူတွေ ပေးလာနိုင်တာနဲ့ တိုက်မယ့် တိုက်ရင် ငါး နေရာလုံးကို တစ်ပြိုက်နက်တိုက်မယ်ဆိုတဲ့ ဆုံး ဖြတ်ချက်နဲ့ တိုက်ခိုက်တာဖြစ်ပါတယ်” လို့  သူက ပြောပါတယ်။ 
ဒါ့အပြင် လောင်းရှည်ဒေသ ကပစ (၂၅) ဗဟိုကင်းရုံးနဲ့ ခရိုင်ခြင်းဆက်လမ်းဂိတ်စခန်းတို့ကိုလည်း  လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။ 
 နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ ၃ နာရီနဲ့ ၄၀ မိနစ်ခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ 
အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် လောင်းရှည်မြို့ ဒေသခံ အမျိုးသမီး တဦး သေဆုံးပြီး အမျိုးသမီး နှစ်ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ တဦး ကျဆုံးပြီးငါး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိမှာ လောင်းရှည်ရှိ စစ်ကောင်စီတပ်ဟာ တင်ကားတွေ အပါအဝင် တပ်ဖွဲ့ဝင်တွေ တိုးမြင့်ချထားနေတယ်လို့သိရပါတယ်။