ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ စံပြရပ်ကွက်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကျောင်းဆောင်ငယ်တခု မီးလောင်ရာက လေဖြတ်နေတဲ့ သက်ကြီးဆရာတော်တပါး မီးထဲပါကာ ပျံလွန်တော်မူသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူတွေနဲ့ ဒေသခံတွေက DNA ကိုပြောကြပါတယ်။
စံပြရပ်ကွက်မှာရှိတဲ့ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းဝင်းထဲက သံဃာတော်တွေ သီတင်းသုံးရာ ကျောင်းဆောင်ငယ်တခု ဖေဖော်ဝါရီ(၁၁)ရက် ဒီကနေ့ မနက် ဆယ်နာရီဝန်းကျင်လောက်မှာ မီးလောင်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အဲဒီကျောင်းဆောင်ထဲမှာ ဆရာတော်ရှိနေမှန်းမသိကြဘူး၊ မီးငြိမ်းပြီးတဲ့အခါကျမှ သိကြတာ၊ အဲဒီဆရာတော်က ကိုယ်တစ်ခြမ်း လေဖြတ်နေလို့ ဆေးကုဖို့ဆိုပြီးတော့ အဲဒီကျောင်းမှာ တည်းနေတာပါ၊အဲဒီအဆောင်မှာ ဆရာတော်နှစ်ပါးနေကြတာမှာ တပါးက ဆွမ်းသုံးဖို့ဆိုပြီး အပြင်ထွက်သွားတယ်”လို့ သွားရောက်ကူညီခဲ့သူတဦးက ပြောပါတယ်။
ပျံလွန်တော်သွားတဲ့ ဆရာတော်ဟာ သက်တော် ၇၂ နှစ်ရှိပြီဖြစ်ပြီး လေဖြတ်ဝေဒနာကို ဆေးကုသဖို့အတွက် ကျောက်တော်မြို့နယ်ကနေ ပုဏ္ဏားကျွန်းမြို့မှာရှိတဲ့ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းမှာ ရောက်နေတာဖြစ်တယ်လို့ အဲဒီရပ်ကွက်နေသူတွေက ပြောကြပါတယ်။
အဲဒီကျောင်းဆောင်မီးလောင်မှုဟာ ထင်းမီးဖို မီးသုံးစွာရာကနေ အနီးမှာရှိတဲ့ အထပ်သားအခင်းကို မီးကူးစက်ရာက ကျောင်းဆောင်ကိုပါမီးလောင်တာဖြစ်တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ပျံလွန်တော်မူသွားတဲ့ဆရာတော်ကို မီးသင်္ဂြိုလ်လိုက်ပြီဖြစ်တယ်လို့လည်း သွားရောက်ကူညီပေးခဲ့သူ တွေက ပြောကြပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မီးလောင်မှုပေါင်း ၁၅ ကြိမ်ဖြစ်ရာမှာ လူတဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရကာ မီးဘေးဒုက္ခသည် ၇၆ ဦးအထိ ရှိခဲ့ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနက ထုတ်ပြန် ထားပါ တယ်။