အာဏာသိမ်းပြီးနောက်ပိုင်း စစ်တက္ကသိုလ်တက်တဲ့သူ ဘာကြောင့်နည်းသွားတာလဲ

ရွေးကောက်ခံအရပ်သားအစိုးရကို မဲစာရင်းအကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ စစ်အရာရှိတွေမွေးထုတ်ပေးတဲ့မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်က စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း  DSA ကို တက်ရောက်သူ နည်းပါးသွားပါတယ်။

တချိန်က လူငယ်တွေကြားမှာ အတိုင်းအတာတခုအထိ ရေပန်းစားခဲ့တဲ့ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းဟာ စစ်အာဏာသိမ်းအပြီး အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ရက်ရက်စက်စက် နည်းလမ်းပေါင်းစုံသုံးပြီး အကြမ်းဖက်နှိမ်နင်းနေတာဟာလည်း တက်ရောက်မှုနည်းပါးသွားတဲ့အကြောင်းအရင်းတရပ်လို့ ဆိုကြပါတယ်။

‘’အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေကို သတ်ဖြတ်ဖြိုခွင်းတာတွေ ပြည်သူတွေအပေါ်  စိတ်ဒုက္ခပေးခဲ့တာတွေကြောင့် မုန်းတီးသွားကြတယ်၊တိုင်းပြည်အတွက်မဟုတ်ပဲ ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွား ခါးပိုက်ဆောင်တပ်ဖြစ်နေမှန်း သိသွားကြတာကြောင့် စစ်တက္ကသိုလ်ကို လျှောက်ထားတဲ့သူဦးရေ ကျဆင်းသွားတာဖြစ်တယ်’’ လို့စစ်တက္ကသိုလ်အပတ်စဉ် ၆၁ ဆင်းတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ တပ်မတော်အရာရှိတဦးက ပြောပါတယ်။

စစ်အာဏာသိမ်းတဲ့  ၂၀၂၁ ခုနှစ်၊ အပတ်စဉ် ၆၇ မှာ စစ်က္ကသိုလ်တက်ရောက်သူ ၉၀ ကျော်သာရှိတဲ့အတွက် အရင်က အပတ်စဉ်တခုကို သုံးထောင်ကျော်အထိရှိခဲ့တာနဲ့ယှဉ်ရင် ဘယ်လောက်အထိနည်းပါးသွားတယ် ဆိုတာသိနိုင်တယ်လို့လည်း CDM တပ်မတော်အရာရှိတချို့က ပြောပါတယ်။

‘’ကျနော်တို့အပတ်စဉ်တုန်းက တက်တက်ချင်း ၃၀၀၀ ကျော်တယ်’’ လို့ စစ်တက္ကသိုလ်အပတ်စဉ် ၅၂ က CDM ဗိုလ်ကြီး ထက်မြတ်က ပြောပါတယ်။

စစ်တက္ကသိုလ်လျှောက်ထားသူဦးရေ ဘယ်လောက်အထိနည်းပါးသွားတာဆိုတာ စစ်တပ်က မထုတ်ပြန်လို့ မသိရပေမယ့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ မန္တလေးတိုင်းက လျှောက်ထားသူ ၂၂ ဦးသာရှိတယ်လို့ Myanmar Now သတင်းဌာနက ၂၀၂၂ ခုနှစ်၊ ဧပြီလက စစ်တပ်ကိုစွန့်ခွာခဲ့တဲ့ CDM အရာရှိတဦးရဲ့ပြောကြားချက်ကိုကိုးကားပြီး ရေးသားခဲ့ပါတယ်။

၁၉၆၂ ခုနှစ်မှာ စစ်အာဏာရှင်ဟောင်းဦးနေဝင်းက အာဏာသိမ်းအပြီး မြန်မာ့လူ့အဖွဲ့အစည်းမှာ စစ်ဖက်က အသာစီးရလာကာ အာဏာရှင်ဟောင်းဦးသန်းရွှေလက်ထက်မှာ ‘မိုးကျရွှေကိုယ်’ လို့အများကခေါ်ကြတဲ့ စစ်ဖက်ကနေ အရပ်ဖက်မှာ ရာထူးတဆင့်မြင့်တွေရတာတွေကြောင့် မိဘတွေနဲ့ ကျောင်းသားတွေကြား စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းသားဘဝဟာ မက်မောစရာဖြစ်ခဲ့ပါတယ်။

‘’စစ်ကောင်စီက အာဏာသိမ်းလိုက်တော့ဘာမှမသိပဲ တပ်ထဲပို့တဲ့ မိဘတွေလည်းလျော့သွားတယ်၊ တော်ရုံလူက စစ်ထဲမဝင်ကြတော့ဘူး၊ဝင်ကြလဲ သူတို့ကြံ့ခိုင်ရေးအသိုင်းအဝိုင်းနဲ့ စစ်တပ်က မိသားစုတွေပဲ တပ်ထဲဝင်ကြ တော့တယ်’’ လို့ CDM ဗိုလ်ကြီး ထက်မြတ်က ပြောပါတယ်။

‘နောင်တခေတ်ရဲ့ အောင်စစ်သည်’ ဆိုတဲ့ဆောင်ပုဒ်နဲ့ ထင်ရှားတဲ့ စစ်တက္ကသိုလ်ကို ၁၉၅၅ ခုနှစ်ဆန်းမှာ ရှမ်းပြည်နယ်၊ တောင်ပိုင်း ဗထူးတပ်မြို့မှာ ဖွင့်လှစ်ခဲ့ပေမယ့် ၁၉၅၇ ခုနှစ်မှာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကိုပြောင်း ရွှေ့ခဲ့ပါတယ်။

မြန်မာစစ်တပ်မှာ တက္ကသိုလ်ဝင်စာမေးပွဲအောင်ပြီး တက်ရတဲ့ စစ်တက္ကသိုလ် DSA  ဗိုလ်လောင်းတွေကသာ အမြင့်ဆုံးနေရာတွေရတက်ကြပြီး ဘွဲ့ရပြီးမှ တက်ရတဲ့ တပ်မတော်(ကြည်း) OTSဗိုလ်သင်တန်းကျောင်း ဆင်း တွေက ထိပ်တန်းရာထူးတွေရလေ့မရှိကြပဲ ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ တပ်မ တော်ကာကွယ်ရေးပစ္စစည်းအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးလောက်သာ OTS ဆင်းတွေဖြစ်တာတွေ့ ရပါတယ်။

တပ်မတော်(ကြည်း)  ဗိုလ်သင်တန်းကျောင်းကိုတော့ ၁၉၄၆ ခုနှစ်မှာမန္တလေးတိုင်း၊ပြင်ဦးလွင်မြို့မှာ ဖွင့်လှစ် ခဲ့ပေမယ့် အပတ်စဉ် ၁၇ ရောက်တဲ့ အချိန် ၁၉၅၇ ခုနှစ်မှာ ရှမ်းပြည်နယ်၊တောင်ပိုင်း ဗထူးတပ်မြို့မှာ ဖွင့်လှစ်ခဲ့ တာပါ။

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းဆင်းတာကို စစ်တပ်အကြီးအကဲကိုယ်တိုင်တက်ရောက်ပေမယ့် တပ်မ တော်(ကြည်း) ဗိုလ်သင်တန်းကျောင်းဖွင့်ပွဲကိုတော့ စစ်တပ်ဒုတိယအကြီးအကဲသာ  တက်ရောက် လေ့ရှိပါ တယ်။

ဒါပေမယ့်စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တက္ကသိုလ်ဗိုလ်လောင်းခေါ်ယူမှုတွေကို လျှောက်ထားသူနည်း ပါးတာကြောင့်စစ်ကောင်စီဟာ လျှောက်လွှာတင်ရမယ့်ရက်ထပ်မံတိုးမြှင့်ပြီး ခေါ်ယူခဲ့ရတာကို တွေ့ရပါတယ်။

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ ကျောင်းသားတွေကိုဗိုလ်လောင်းဝင်ခွင့်သင်တန်းအတွက် အသက် ကန့်သတ်ချက်ကို မူလသတ်မှတ်ချက် ၁၆ နှစ်ကနေ ၁၈ နှစ်ကြားကို ၁၈ နှစ်နဲ့ ခြောက်လအထိတိုးမြှင့်ပေးခဲ့သလို သြဂုတ်လ ၅ရက် ဖောင်ပိတ်ရက်ကိုလည်း ၁၉ ရက်နေ့အထိတိုးမြှင့်ခဲ့ပါသေးတယ်။

စစ်တက္ကသိုလ်လျှောက်ထားသူတွေဟာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်တွေမှာ တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာနဲ့ သင်္ချာဘာသာရပ်တွေကို ဖြေဆိုရပြီး အောင်မြင်ပါက နေပြည်တော်က တပ်မတော်ဗိုလ်ရွေးအဖွဲ့ (OTT) ဝင် ရောက်အရွေးချယ်ခံရမှာဖြစ်ပါတယ်။

ရွေးချယ်ခံရသူဟာ ပြင်ဦးလွင်စစ်တက္ကသိုလ်မှာ ကျန်းမာရေးစစ်ဆေးပြီးဆေးအောင်ပါက ရဲဘော်ကြီးဘဝနဲ့ အောက်တပ်ရင်းမှာ ၃ လကြာ အခြေခံစစ်ပညာနဲ့ စစ်ရေးပြသင်တန်းတွေကို သင်ကြားရပြီး ဒေါက်တင် ဗိုလ်လောင်းအဖြစ်ရွေးချယ်ခံရတာနဲ့ လေးနှစ်တာသင်ကြားရတာပါ။

ဒါပေမယ် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်စာမေးပွဲမှာ ဖြေဆိုသူ ၂၈၀, ၀၀၀ ကျော်၊ အောင်မြင်သူ ၁၃၀ ၀၀၀ ကျော်ရှိပေ မယ့် စစ်တက္ကသိုလ်ဗိုလ်လောင်းလျှောက်တဲ့သူ မတွေ့ရသလောက်ဖြစ်တယ်လို့ တက္ကသိုလ်ဝင်တန်းသင်တဲ့ ကျောင်းဆရာ၊ ဆရာမတွေ၊ ပြင်ကကျူရှင်ဆရာတွေနဲ့ ကျောင်းသားတွေထံက စုံစမ်းသိရပါတယ်။

“ကျွန်တော့်အဖေကတော့ စစ်သားဆိုတော့ မူလက ဗိုလ်လောင်းလျှောက်မယ်စိတ်ကူးသေးတယ်၊ အာဏာသိမ်း ပြီး ဖြစ်တဲ့ရက်စက်မှုတွေမြင်ရတော့ မလျှောက်ဖြစ်တော့ဘူး၊ ကျွန်တော့်သူငယ်ချင်းတွေထဲမှာ တယောက်မှ မလျှောက်ကြဘူး’’ လို့ ၂၀၂၂ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်တဲ့ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်က အသက် ၁၇ နှစ်အရွယ် လူငယ်တဦးက ပြောပါတယ်။

နေပြည်တော်က တက္ကသိုလ်ဝင်တန်းသင်ကြားတဲ့ပြင်ပ ကျူရှင်ဆရာတဦးကတော့ တက္ကသိုလ်ဝင်တန်းအောင်တဲ့ သူရဲ့ ကျောင်းသားတွေထဲမှာ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း DSA လျှောက်တာ မကြားမိဘူးလို့ လည်းဆို ပါတယ်။

‘’အရင်နှစ်တွေက တပည့်တွေထဲ (DSA လျှောက်တာ) ရှိတယ်၊ဒီနှစ်တော့မကြားမိဘူး၊ အမှတ်ကောင်းတဲ့သူ တွေ က ရေဆင်း(စိုက်ပျိုးရေး၊ သစ်တောနဲ့ တိရစ္တာန်မွေးမြူကုသရေးတက္ကသိုလ်)လျှောက်တာများတယ်၊ အမှတ်န ည်းတဲ့သူအများစုကတော့ အဝေးသင်ပဲ’’ လို့ပြောပါတယ်။

အဲဒီအတွက်စစ်ကောင်စီဗိုလ်ရွေးအဖွဲ့ဟာ အရင်ကလို မဟုတ်ပဲ စိစစ်ရွေးချယ်မှုစံနှုန်းတွေကိုလျှော့ချလာသလို စစ်တက္ကသိုလ်ဗိုလ်လောင်းဝင်ခွင့်သင်တန်းတွေလည်း တက်ရောက်မယ့်သူ မရှိတော့ဘူးလို့လည်း စစ်တပ်နဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

‘’အခုနောက်ပိုင်း(အာဏာသိမ်းပြီး)စိစစ်တာတွေသိပ်မလုပ်တော့ဘူး၊နိုင်ငံရေးနဲ့မပတ်သတ်ရင် အထူးသဖြင့် PDF တွေ အနီ(NLD) တွေနဲ့မပတ်သတ်ရင် တော်တော်များများဝင်ခွင့်ပြုနေတယ်ကြားတယ်’’ လို့ ပြင်ဦးလွင် မြို့မှာနေထိုင်တဲ့ အငြိမ်းစားလေတပ်ဗိုလ်ကြီးတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့လူထုကို အကြမ်းဖက်ဖြိုခွင်းတာ၊ စစ်ကြောရေးမှာ နေ့မြင်ည ပျောက် အသက်ပျောက်တဲ့ အထိရက်ရက်စက်စက် နှိပ်ကွပ်မှုတွေ၊ လေကြောင်းကနေ အရပ်ဖက်ပစ်မှတ် တွေ ကိုတိုက်ခိုက်တာတွေ၊ ဘာသာရေးအဆောက်အအုံတွေအပါအဝင် ကျေးရွာတွေကိုမီးရှို့တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ဒီကနေ့အထိ စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လို့ လူပေါင်း ၃၀၀၀ နီးပါးသေဆုံးခဲ့ရသလို ဖမ်းဆီးခံရသူပေါင်း (၁၃၈၈၄) ဦးနဲ့ သေဒဏ်ကျခံရသူ လေး ဦး၊ မျက်ကွယ်သေဒဏ်ခံထားရသူ ၄၂ ဦး၊ ထောင်ဒဏ်မှာ သေဒဏ်ချမှတ်ခံထားရသူ (၁၀၁) ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်း သားများကူ ညီစောင့် ရှောက်ရေးအသင်း AAPPက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းမှုအလွန်မှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ တိုက်ပွဲဖြစ်စဉ်တွေကြောင့် စစ်ဘေးရှောင်ပေါင်း ၁ ဒဿမ ၆ သန်းကျော်ရှိနေသလို ဘာသာရေးအဆောက်အအုံတွေအပါအဝင် အဆောက်အအုံပေါင်း (၅၇ ၈၀၇) လုံးမီး ရှို့ဖျက်ဆီးခံရတယ်လို့ ISP မြန်မာက ထုတ်ပြန်ထားပါတယ်။

အခုခေတ်လူငယ်တွေဟာ အရင်တုန်းကလိုမဟုတ်ပဲ ဒီမိုကရေစီရဲ့ အရသာကို မြည်းစမ်းဖူးတဲ့အတွက် အမှန်နဲ့ အမှားကို ခွဲခြားသိကြတယ်လို့ပြောသလို စစ်ယူနီဖောင်းနဲ့လည်း လမ်းပေါ်ထွက်တာဟာ အခုအချိန်မှာ ဂုဏ်ယူစ ရာမဟုတ်တော့ဘူးလို့  CDM တပ်မတော်အရာရှိတွေကပြောပါတယ်။

စစ်အာဏာရှင်ကိုလက်နက်ကိုင်တော်လှန်ရေးနေတဲ့ စစ်ကိုင်တိုင်းနဲ့ မကွေးတိုင်းအခြေစိုက် People’s Revolution Alliance (PRA) တည်ထောင်သူ စစ်တက္ကသိုလ် အပတ်စဉ် ၄၈ ဆင်း ကိုဟာကျူလီကတော့ အာဏာသိမ်းစစ်တပ်နဲ့ပတ်သက်လို့သူ့အမြင်ကိုအခုလိုပြောပါတယ်။

‘’ပြည်သူကိုကာကွယ်ပေးတဲ့တပ်မတော်လို့ ပြည်သူတရပ်လုံးက မယုံကြည်ကြတော့ဘူး၊DSA မှာ ပြည်သူကို ဘယ်လိုရိုသေရမယ်ဆိုတာပဲ သင်ကြားခဲ့ရတာ၊အဲဒီတုန်းက ကျွန်တော်တို့ဆရာတွေက သေချာကိုသင်ပေး ကြတယ်။ အဲ့ဒါကို သတိရတဲ့ အမှတ်ရတဲ့ DSA ကျောင်းဆင်းတွေက တော်လှန်ရေးမှာ CDM လုပ်ပြီး တက် တက်ကြွကြွပါဝင်ကြတယ်’’လို့ သူကပြောပါတယ်။