ပဲခူးကဗုံးပေါက်ကွဲမှုတွေနဲ့ပက်သက်လို့ ဒေသခံနှစ်ဆယ်ဝန်းကျင် ဖမ်းဆီးခံရ၊ခုနစ်ဦးကို PDF တွေလို့ စစ်ကောင်စီထုတ်ပြန်

ပဲခူးတိုင်း၊ပဲခူးမြို့ ရပ်ကွက်သုံးခုအတွင်း ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီးနောက် ဒေသခံနှစ်ဆယ်ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး  ခုနစ်ဦးကိုတော့ PDF အဖွဲ့ဝင်၊ PDF နဲ့ဆက်စပ်သူတွေလို့ သတင်းထုတ်ပြန်ပါတယ်။

ပဲခူးမြို့ပေါ်က မဇင်း၊ ပုဏ္ဏားစုနဲ့ ရှင်စောပု စတဲ့ရပ်ကွက်(၃)ခုအတွင်း ဖေဖော်ဝါရီ(၇)ရက်ညပိုင်းက ဗုံးပေါက် မှုတွေ ဖြစ်ခဲ့ပြီးနောက် အဲ့ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ဆိုကာ အသက် (၅၀) ဝန်းကျင်အရွယ် လင်မယားနှစ်ဦး အပါအဝင်အသက် ၁၉ နှစ်ကနေ ၂၃ နှစ်အရွယ် လူငယ်အမျိုးသား လေးဦးနဲ့ အမျိုးသမီးတဦး စုစုပေါင်း ခုနစ်ဦး ကိုဖမ်းဆီး ထားတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီပဲခူးဒေသခံ ခုနစ်ဦးကို ဖောက်ခွဲရာမှာ အသုံးပြုခဲ့တဲ့ လက်နက်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ(၁၀)ရက်မှာထုတ်ပြန်ထားပါတယ်။

ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ (၈)ရက်ညနေပိုင်းက ပဲခူးမြို့ထွက်စစ်ဆေးရေးဂိတ် ဖြစ်တဲ့ ကလိကျေးရွာအနီးမှာ မြို့ခံလူငယ်လေးဦးဖြစ်တဲ့ ဉာဏ်မင်းမောင်မောင်၊ မောင်သက်နဲ့ ဇနီးဖြစ်သူ မထားထား၀င်းတို့ကို ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ထွက်ဆိုချက်တွေအရ ပဲခူးမြို့ဥဿာမြို့သစ်ရပ်ကွက်ကြီး(၁)သီးသန့်(၁)လမ်းမှာနေထိုင်တဲ့ ဦးမျိုးတင့်ဆိုသူနဲ့ဇနီးဒေါ်ယဥ်ယဥ်ဌေး အပါအဝင်ပုဏ္ဏားစုရပ်ကွက်၊ပုဏ္ဏားစု(၁၄)လမ်းမှာနေထိုင်တဲ့ သူရိန်အောင် (ခ)အောင်သူ စုစုပေါင်း သုံးဦးကိုလည်း ဆက်လက်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖမ်းမိသူတွေဟာ မြို့တွင်းဖောက်ခွဲမှုတွေ အပါအဝင် လုပ်ကြံသတ်ဖြတ်မှုတွေ ပြုလုပ်ထားသူ၊ ကူညီအားပေးသူတွေ ဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပေမယ့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပဲခူးမြို့က ရပ်ကွက်သုံးခုအတွင်း ဗုံးပေါက်ကွဲမှုတွေနဲ့ပက်သက်လို့ PDF လို့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ လူငယ်လေးဦးနဲ့ ပက်သက်လို့ အသေးစိတ်စုံစမ်းနေဆဲဖြစ်ပြီး သတင်းပြန်လည်ထုတ်ပြန်သွားမှာဖြစ်တယ်လို့ Bago Region PDF တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၇ ရက်ကပဲခူးမြို့တွင်းမှာ ဗုံးပေါက်ကွဲမှုတွေဆက်တိုက် ဖြစ်ပြီးနောက် စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေက မြို့အဝင်အထွက်နေရာတွေမှာ လုံခြုံရေးတင်းကျပ်ခဲ့ပြီး လူငယ်တွေကို ဦးတည်ပစ်မှတ်ထား စစ်ဆေးကာ ဖမ်းဆီးမှုတွေလုပ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတဦးကပြောပါတယ်။ “

“ဗုံးပေါက်ပြီးတော့ မြို့ထဲကိုဧည့်စာရင်းတွေတောက်လျှောက်စစ်တယ်၊ မြို့အဝင်အထွက်ဘက်ကိုလည်း တင်းကျပ်လိုက်တယ်၊ ကျွန်တော်ဝေါဘက်သွားရင်းနဲ့ ကလိမှာ အရမ်းစစ်တယ်။အဲ့မှာလူကြီးတွေကို အဓိကမစစ်ဘဲနဲ့လူငယ်တွေကို ပိုစစ်တာ၊ အဲတာနဲ့ဆက်စပ်ပြီးတော့ အဖမ်းခံရတာဖြစ်မယ်”လို့သူက ပြောပါတယ်။

ဒါ့အပြင် ​ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာအနီးတဝိုက်ကို စစ်ကောင်စီပူးပေါင်းအဖွဲ့က ဧည့်စာရင်းစစ်ဆေးတာအပြင် ကင်းပုန်းဝပ်တာတွေကြောင့် ဒေသခံတချို့ဖမ်းဆီးခံခဲ့ရတဲ့အပြင် အနီးတဝိုက်ကနေထိုင်သူတွေကိုလည်း ခြိမ်းခြောက် ပြောဆိုမှုတွေရှိခဲ့တယ်လို့မြို့ခံတွေကဆိုပါတယ်။

လက်ရှိမှာတော့ ပဲခူးမြို့ပေါ်က စစ်ကောင်စီရုံးဌာနတွေ၊ ရဲစခန်းနေရာတွေနဲ့ တပ်မ ၇၇ နေရာ အပြင်ရပ်ကွက် ရုံး နေရာတွေမှာ ကင်းပုန်းဝပ်တာ၊စစ်ဆေးတာအပြင် မြို့ပေါ်လမ်းမတလျှောက် ညစဥ်ကင်းလှည့်တာတွေ ပိုလုပ်လာတယ်လို့ ပဲခူးမြို့မှော်ကန်ရပ်ကွက်အတွင်း နေထိုင်တဲ့ အမျိုးသမီးတဦးကဆိုပါတယ်။

“နေ့ဆိုရင်လည်း မြို့တွင်းက ကားလမ်းမတွေမှာ အရမ်းစစ်လာတယ်၊ ရဲစခန်းလိုနေရာတွေ ဌာနဆိုင်ရာရုံးတွေနဲ့ တပ်မ၇၇ဘက်ကို သွားတဲ့လမ်းနေရာတွေဆို ကင်းပုန်းချတာတို့ရှိတယ်၊ညပိုင်းဆိုရင်ဆိုင်ကယ်တွေနဲ့ ကင်းလှည့်တာတို့ အရပ်ကားတွေ စစ်ကားတွေနဲ့ လှည့်တာ ပိုလုပ်လာတယ်” လို့သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအတွင်း ပဲခူးမြို့က ကလိမြို့ဝင်စစ်ဆေးရေးဂိတ်၊ တပ်လုံခြုံရေးဂိတ်နဲ့ မြို့နယ်ကညနရုံး စတဲ့ စစ်ကောင်စီလက်အောက်ခံနေရာတွေကို ပဲခူးပကဖ၊ Bago PDF စတဲ့ ပူးပေါင်းအဖွဲ့က ဗုံးဖောက်ခွဲခဲ့လို့ စစ်ကောင်စီတပ်သားတချို့ သေဆုံးထိခိုက်မှုတွေ ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဲ့ဒီပေါက်ကွဲမှုတွေဖြစ်ပြီးနောက် စစ်ကောင်စီက မြို့ခံ (၂၀)ဝန်းကျင်လောက်ကို ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ပဲခူးမြို့မရဲစခန်းမှာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။