မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းက မန္တလာသီရိ ဘောလုံးကွင်းရှေ့ ကင်းစောင့်နေတဲ့ စစ်အုပ်စု ဗုံးပစ်တိုက်ခိုက်ခံရလို့ ဒုရဲအုပ်တဦး အပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
မနေ့က ဖေဖော်ဝါရီလ ၁၀ ရက် နေ့လည် တနာရီလောက်မှာ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်၊ ၁၀၅ လမ်းနဲ့ ၁၀၆ လမ်းကြား၊ ၆၈ လမ်းပေါ်က မန္တလာသီရိအားကစားကွင်းအရှေ့ဘက်ဝင်ပေါက်ရှိ စစ်အုပ်စု ဗုံးပစ်တိုက်ခိုက်ခံခဲ့ရတာပါ။
 
” ပေါက်ကွဲမှု ဖြစ်ပြီးတော့ အဲဒီမှာစစ်ဆေးတာတွေလုပ်တာရှိတယ်၊ အဲဒီမှာ ရဲတွေထိသွားလို့ ဆေးရုံပို့လိုက်ရတယ်လို့ ကြားတာပေါ့၊ မန္တလာသီရိဘောလုံးကွင်းကတော့ စစ်အုပ်စုက ပွဲပေါင်းစုံအဲဒီထဲလုပ်နေတော့ ရဲတွေကင်းစောင့်ရတာတွေရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ဘောလုံးကွင်းဝင်ပေါက်က စစ်အုပ်စုကို ဆိုင်ကယ်တစ်စီးနဲ့ အမည်မသိ လူငယ်နှစ်ဦးက တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာပြီး လက်ပစ်ဗုံးနဲ့ ပစ်ပေါက်သွားတာဖြစ်တယ်လို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
 
အဲဒီပေါက်ကွဲမှုကြောင့်စစ်အုပ်စုရဲ့ ဒုရဲအုပ်တစ်ဦး ဝဲဘက်ခြေထောက် နဲ့ ယာဘက်မျက်ခုံးဒဏ်ရာရရှိခဲ့သလို အားကစားသိပ္ပံက non – CDM ဝန်ထမ်းတဦးရဲ့ ဝဲဘက်ခြေထောက် ထိမှန်ဒဏ်ရာတချက် အမျိုးသားတဦး နောက်ကျောခါးရိုး ထိမှန်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပက်သက်ပြီး ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။