လောင်းလုံးမှာစစ်တပ်ထုတ်ကုန်မသုံးဖို့စည်းရုံးနေချိန် သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခံရ

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်က ရွာတစ်ရွာမှာ ဒီကနေ့ ဖေဖော်ဝါရီ (၁၀)ရက်မနက်ပိုင်းက ထား ဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကဦးဆောင်ပြီး စစ်တပ်ထုတ်ကုန်တွေမသုံးဖို့စည်းရုံးရေးလုပ်နေချိန်မှာ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခံခဲ့ရတယ်လို့ DMSCရဲ့ တာန်ခံကိုမင်းလွင်ဦးက DNAကိုပြောပါတယ်။

“ကျွန်တော်တို့စည်းရုံးဟောပြောမှုလုပ်နေတဲ့အချိန်မှာ ထိပ်မှာလမ်းသွယ်လေးရှိတယ်၊အဲ့​ဒီလမ်းသွယ်လေးကနေ ဆိုင်ကယ်နဲ့ထွက်လာပြီး သေနတ်နဲ့နှစ်ချက်ဖောက်တယ်၊ကျွန်တော်တို့ရဲဘော်တချို့ကတော့မြင်လိုက်တယ်”လို့ သူကပြောပါတယ်။

သေနတ်နဲ့ခြိမ်ခြောက်ပစ်ဖောက်ခဲ့တဲ့အမည်မသိအမျိုးသားနှစ်ဦးဟာ ဆိုင်ကယ်နဲ့မောင်းနှင်ထွက် ပြေးသွားတယ်လို့လည်း ကိုမင်းလွင်ဦးကပြောပါတယ်။

သေနတ်ပစ်ဖောက်ခြိမ်းခြောက်သူနှစ်ဦးကို သပိတ်ကော်မတီအဖွဲ့ဝင်တွေက ဘယ်သူတွေဆိုတာ တိတိ ကျကျ မတွေ့တွေ့လိုက်ပေမယ့် အခုလိုလုပ်ဆောင်တာဟာ စစိကောက်စီထောက်တိုင် ပျူစောထီးအဖွဲ့ဝင်တွေဖြစ်နိုင်တယ်လို့လည်း ကိုမင်းလွင်ဦးက သုံးသပ်ပြောကြားပါတယ်။

“ကျွန်တော်ထင်တာကတော့ ကျွန်တော်တို့တော်လှန်ရေးအင်အားစုအချင်းချင်းတော့လုပ်မှာမဟုတ်ဘူး၊ဆိုလိုတာက လုပ်မယ်ဆိုရင်လည်း စစ်ကောင်စီဘက်က ပျူစောထီးအဖွဲ့ဝင်တွေကပဲ လုပ်နိုင်တယ်လို့ ကျွန်တော်တို့သုံးသပ်လို့ရတယ်”လို့ သူက ဆက်​ပြောပါတယ်။

ခြိမ်းခြောက်ပစ်ဖောက်မှုအပြီးမှာတော့ ကော်မတီအဖွဲ့ဝင်တွေအနေနဲ့ စည်းရုံးရေးလှုပ်ရှားမှုကို ဆက်လုပ်ဆောင်ခဲ့သလို စစ်ကောင်စီဘက်ကလည်း ကင်းလှည့်ရှာဖွေတာတွေမရှိခဲ့ဘူးလို့ဆိုပါတယ်။

 ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီအနေနဲ့ အခုလို စစ်တပ်ထုတ်ကုန်တွေမသုံးဖို့ စည်းရုံးလှုပ်ဆော်မှုကို ဇန်နဝါရီ ၁၀ရက်စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး အခုလို သနတ်နဲ့ပစ်ဖောက်ခြိမ်းခြောက်မှုတွေရှိခဲ့ပေမယ့် ဒီလှုပ်ရှားမှုကိုတာ့ ရပ်တန့်မှာမဟုတ်ဘူးလို့ဆိုပါတယ်။