ကလေးမြို့အနောက်ပိုင်း တောင်ဇလပ်ရပ်ကွက် ဆည်မြောင်းရုံးဝန်းကျင်မှာ ဖေဖေါ်ဝါရီ ၉ ရက် ညပိုင်းကဖြစ်ခဲ့တဲ့ စစ် ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအပြန်အလှန်ပစ်ခတ်မှုအတွင်း မြို့ခံလူငယ် တဦးသေ ဆုံးပြီး အမျိုးသမီးတဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ကလေးမြို့ဆည်မြောင်းရုံးအနီး မှာရှိနေတဲ့စစ်ကောင်စီအဖွဲ့ဝင်တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက် ကလည်းတိုက်ခိုက်ခံရတာနဲ့တပြိုင်နက် ပတ်ဝန်းကျင်ကို တရစပ် ပစ်ခတ်ခဲ့တယ်လို့ ရပ်ကွက်တွင်းနေထိုင်သူတွေဆီကသိရပါတယ်။
အဲ့ဒီလိုအပြန်အလှန်ပစ်ခတ်မှုဖြစ်ချိန် အနီးက တံတားပေါ်မှာထိုင်နေတဲ့ အသက်(၁၉)နှစ်အရွယ် ကလေးမြို့ခံ လူငယ် ဘီးလိုထန်း(ခ) ဘီးဘီး ခေါင်းကိုကျည်ထိမှန်သေဆုံးခဲ့သလို ကလေးမြို့မှာ ခေတ္တတည်းခိုနေတဲ့ ခရီး သွားအမျိုးသမီးတဦးလည်း ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
အခုလို အရပ်သားတွေ သေဆုံးတာဟာ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ရမ်းသန်းပစ်ခတ်တာ ကြောင့်ဖြစ်တယ်လို့ တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ တောင်ဇလပ်ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောကြပါတယ်။
” သူတို့က အကျင့်ဖြစ်နေပြီ၊သူတို့နားမှာ မိုင်းပေါက်ကွဲတာပဲဖြစ်ဖြစ်၊ အပစ်ခံရတာပဲဖြစ်ဖြစ် အသံကြားတာနဲ့ သူတို့အကုန်လုံးက ဘယ်သူ့မှန်မှန်ပစ်ကြတော့တာပဲ” လို့ ရပ်ကွက်တွင်းနေထိုင်သူတဦးကပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကတော့ ကလေးမြို့နယ် အင်ဒိုင်းလေးကျေးရွာဒေသခံဖြစ်ပြီး ခရီးသွားရာက အပြန် ကလေးမြို့ပေါ်မှာ ခေတ္တတည်းခိုနေချိန်လမ်းလျှောက်ထွက်ရာက ပစ်ခတ်မှုအတွင်း ပေါင်နှစ်ဘက်လုံး သေနတ်ကျည်ထိမှန်ခဲ့တာလို့သိရပါတယ်။
“ကလေးမလေးကတော့ ရန်ကုန်ကရောက်ခါစဆိုတော့ မသိသေးတာနေမှာ၊ပြည်သူတွေအနေနဲ့တော့ ခုရက်ပိုင်း အဲ့ဘက်လုံးဝမသွားသင့်ဘူး၊အဲ့ဘက်မှမဟုတ်ဘူး၊စစ်သားတွေရှိမယ့်နေရာကိုဖြတ်သွားတော့မယ်ဆို အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး သွားတာအကောင်းဆုံးပဲ” လို့ မြို့ခံတဦးကပြောပါတယ်။
မနေ့က ညနေပိုင်းဆည်မြောင်းရုံးနဲ့သစ်တောရုံးမှာ အထိုင်ချဖို့ ကားတွေနဲ့ရောက်လာတဲ့ အင်အားလေးဆယ်ခန့်ရှိ စစ်ကောင်စီအဖွဲ့ ဝင်တွေကို ၄၀ မမနဲ့ နှစ်ချက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့က ထုတ်ပြန်ပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်သားသုံးဦးသေဆုံးပြီး ခုနစ်ဦးဝန်းကျင်ဒဏ်ရာရရှိတာကို လက်တွေ့ မြင်ခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။အဲ့ဒီအချက်အလက်တွေကိုတော့ သီးခြားအတည်ပြု နိုင်ခြင်း မရှိပါဘူး။
ကလေးမြို့အနောက်ပိုင်း တောင်ဇလပ်ရပ်ကွက်မှာ ဖေဖော်ဝါရီလဆန်းကတည်းက စစ်ကောင်စီအဖွဲ့တွေ နေ့စဥ် ရက်ဆက်နီးပါး တိုက်ခိုက်ခံနေရပြီး ထိခိုက်မှုတွေလည်းရှိတယ်လို့ ကလေးမြို့ခံတွေကပြောပါတယ်။