ဂျာမနီရဲ့ နည်းပညာ အမြင့်ဆုံး တင့်ကားတွေကို တိုက်ရိုက် ဝယ်ယူဖို့ ယူကရိန်း ဆွေးနွေးနေ

ယူကရိန်း အစိုးရဟာ အနောက်နိုင်ငံတွေဆီက တင့်ကားတွေ တောင်းခံနေရာကနေ တစ်ဆင့်တက်ပြီး နည်းပညာ အဆင့်အမြင့်ဆုံး မျိုးဆက်သစ် တင့်ကားတွေကို တိုက်ရိုက် ဝယ်ယူဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။

 ဂျာမနီရဲ့ Rheinmetall ကုမ္ပဏီက သူတို့ရဲ့ Lynx သံချပ်ကာ ယာဉ်တွေနဲ့ Pantherလို့ နာမည်ပေးထားတဲ့ KF51 မျိုးဆက်သစ် တင့်ကားတွေ ဝယ်ယူဖို့အတွက် ယူကရိန်း အစိုးရက ချိတ်ဆက် ဆွေးနွေးနေကြောင်း အတည်ပြုခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်ရေး ယန္တရား နှစ်ခုစလုံးဟာ ကုမ္ပဏီရဲ့ နည်းပညာ အမြင့်ဆုံး ထုတ်ကုန်တွေ ဖြစ်တယ်လို့ အမှုဆောင်ချုပ် အာမင်း ပက်ပါဂါက ပြောပါတယ်။

 ယူကရိန်းဟာ Lynxနဲ့ Pantherတွေကို ဝယ်ယူဖို့ အလေးအနက် စိတ်ဝင်စားနေကြောင်း၊ Lynxတွေဟာ လက်ရှိ ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး သယ်ယူပို့ဆောင်ရေး သံချပ်ကာ တိုက်ခိုက်ရေးယာဉ်တွေလို့ သတ်မှတ်နိုင်သလို KF51တွေမှာလည်း အသစ်လွင်ဆုံး နည်းပညာတွေ အသုံးပြုထားကြောင်း သူက ဆိုပါတယ်။ ဂျာမနီ အစိုးရဟာ အဲဒီ တင့်ကားနဲ့ သံချပ်ကာယာဉ်တွေ ယူကရိန်းဆီ လက်လွှဲ ရောင်းချရေး ကိစ္စမှာ သဘောတူ ခွင့်ပြုပေးမယ့် အလားအလာ ရှိနေတယ်လို့လည်း သူက မှတ်ချက်ပေးပါတယ်။

 Lynxတွေအတွက် အမှာစာတွေကို Rheinmetallက ဂျာမနီ စစ်တပ်နဲ့ နိုင်ငံအနည်းငယ်စီကသာ ၂၀၂၀ ပြည့်နှစ် ဝန်းကျင်မှာ စတင် ကန့်သတ် လက်ခံထားပါသေးတယ်။ KF51တွေကတော့ လက်ရှိ အချိန်ထိ တရားဝင် ထုတ်လုပ်မှု မရှိသေးဘဲ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်နေဆဲသာ ဖြစ်ပါတယ်။

 ဂျာမနီ အပါအဝင် ဥရောပ နိုင်ငံတချို့ဟာ ယူကရိန်းအတွက် သူတို့ရဲ့ Leopard 2 တင့်ကားတွေနဲ့ အမေရိကန်ကလည်း M1 Abrams တင့်ကားတွေ ထောက်ပံ့ပေးဖို့ အသီးသီး သဘောတူထားကြပါတယ်။ ဂျာမနီလုပ် Leopard 2တွေနဲ့ အမေရိကန်လုပ် Abramsတွေဟာ တတိယမျိုးဆက် တင့်ကားတွေလို့ သတ်မှတ်ခံရပြီး KF51ကတော့ နောက်ဆုံးပေါ် စတုတ္ထမျိုးဆက် စာရင်းထဲမှာ ပါနေပါတယ်။ ဂျာမနီဟာ Leopard 2တွေရဲ့ နေရာမှာ ရေရှည် အစားထိုးဖို့ KF51တွေကို လျာထားပါတယ်။

 ယူကရိန်း အစိုးရနဲ့ Rheinmetallတို့ ညှိနှိုင်းကြတဲ့ထဲမှာ စစ်ပွဲကြီး ပြီးသွားရင် ယူကရိန်းမှာ စက်ရုံတစ်ခု တည်ဆောက်ပြီး အဲဒီတင့်ကားတွေ တပ်ဆင် ထုတ်လုပ်ပေးဖို့ဆိုတဲ့ အချက်လည်း ပါဝင်နေကြောင်း သိရပါတယ်။ ယူကရိန်း အနေနဲ့ ဂျာမန် ကုမ္ပဏီဆီက တင့်ကားတွေသာ တိုက်ရိုက် မှာယူနိုင်မယ်ဆိုရင် အနောက်မဟာမိတ် နိုင်ငံတွေကလည်း သူတို့စစ်တပ်ထဲက တင့်ကားတွေကို ခွဲဝေပေးနေစရာ လိုတော့မှာ မဟုတ်သလို ယူကရိန်းရဲ့ သံချပ်ကာ စစ်ဆင်ရေး စွမ်းရည်ကလည်း သိသိသာသာ မြင့်တက်လာမယ့် သဘောပါပဲ။

 ပက်ဘာဂါက ယူကရိန်းက စစ်ပွဲပြီးသွားမယ့် အချိန်မှာတောင် အကြီးစား တိုက်ပွဲဝင် တင့်ကားတွေကို လိုအပ်နေလိမ့်မယ်လို့ သုံးသပ်ပါတယ်။ စစ်ပွဲကို ကြံ့ကြံ့ခံ တိုက်ခိုက်ဖို့ တင့်ကားတွေ လိုမှာဖြစ်သလို စစ်ပြီးသွားရင်လည်း ယူကရိန်းရဲ့ လုံခြုံရေးအတွက် တင့်ကားတွေ ဆက်ပြီး လိုအပ်နေလိမ့်မယ်လို့ သူက ပြောကြားသွားပါတယ်။