မန္တလေးသပိတ်တက်ကြွလှုပ်ရှားသူလေးဦး ဖမ်းဆီးခံရပြီး တနှစ်ကြာတဲ့အထိသတင်းပျောက်ဆုံးနေ

မန္တလေးသပိတ်အင်အားစုက သပိတ်တက်ကြွလှုပ်ရှားသူအမျိုးသား ၄ဦးကို စစ်ကောင်စီကဖမ်းဆီးသွားပြီးတဲ့နောက်ပိုင်း တနှစ်ကြာအထိ မိသားစုနဲ့လုံးဝအဆက်အသွယ်ရတာမရှိဘူးလို့  မန္တလေး သပိတ်အင်အားစုက  မနေ့ ဖေဖော်ဝါရီ ၉ ရက်က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀၀ ဖေဖော်ဝါရီ ၉ရက်ညနေပိုင်းမှာ မန္တလေးမြေပြင်သပိတ်တွေမှာ ပါဝင်နေတဲ့ ကိုသူရအောင်၊ ကိုဖိုးလုံး(ခေါ်) ကိုရဲဇင်ထွန်းနဲ့အတူ အလွတ်တန်းသတင်းထောက် ကိုစိုးလင်းအောင်နဲ့ ကိုလှမျိုးအောင်တို့လေးဦးကို နေအိမ်တခုမှာ စစ်အုပ်စုကဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးချိန်မှာလည်း ရိုက်နှက်ဖမ်းဆီးမှုတွေရှိခဲ့ပြီး အဲဒီနေ့ကစလို့ မိသားစုကအဆက်အသွယ်မရခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

”ကိုသူရအောင်တို့ အဖမ်းခံရတာ တနှစ်ပြည့်တဲ့နေ့အထိ အဆက်အသွယ်မရတော့ မန္တလေးသပိတ်အင်အားစုအနေနဲ့ သူတိုရဲ့အသက်နဲ့ ကျန်းမာရေးကို အဓိကစိုးရိမ်ပါတယ်။ မိသားစုတွေဆိုရင်လည်း လိုအပ်တာလေးတွေပို့ပေးချင်တာမျိုးလုပု်ပေးချင်တာ အခြေအနေကိုလုံးဝမသိရဘူး။ ထောင်တွင်းမှာလည်း သူတို့သတင်းကိုမပြောအောင်နှုတ်ပိတ်ထားတယ်။အဓိကတော့ ကျန်းကျန်းမာမာရှိနေလား၊ အသက်ဘေးကင်းရဲ့လားဆိုတာမျိုးသိချင်တာ မိသားစုတွေကပိုစိုးတာပေါ့ စိတ်ပူနေတာ” လို့ မန္တလေးသပိတ်အင်အားစုက သပိတ်အဖွဲ့ဝင်က DNA ကိုပြောပါတယ်။

မန္တလေးမှာ သပိတ်အဖွဲ့တွေနဲ့တော်လှန်ရေးအင်အားစုတွေကိုဖမ်းဆီးပြီးရင်များသောအားဖြင့် နန်းတွင်းစစ်ကြောရေးကို ပို့လေ့ရှိပြီးတရားစွဲတာမျိုးလုပ်ဆောင်လေ့ရှိပေမယ့် အခုဖမ်းဆီးခံသပိတ်အဖွဲ့ဝင်တွေကိုတော့ ပုဒ်မတပ်တရားစွဲတာတွေလည်းမကြားသိရတဲ့အခြေအနေဖြစ်နေတာပါ။

အလားတူပဲ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ထဲမှာပဲ  မန္တလေးမြို့ သင်္ဂဇာကျောင်းတိုက်မှာ သီတင်းသုံးတဲ့၊ သံဃသမဂ္ဂ (မန္တလေး) ဦးဆောင် ဆရာတော် ဦးစန္ဒိမာလည်း ကျောင်းတိုက်အတွင်း ဖမ်းဆီးခံရပြီးနောက် အဆက်သွယ်ပျက်နေတယ်လို့ သံဃသမ္မဂ (မန္တလေး) ကလည်း အရင်လပိုင်းတွေတုန်းက ထုတ်ပြန်ထားပါသေးတယ်။

စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ သပိတ်ကော်မတီဝင်တွေဖြစ်တဲ့ လူငယ် ၄ ဦးနဲ့ ဆရာတော်ဟ အဖမ်းမခံရချိန်အထိ ကျန်းမာရေး ကောင်းမွန်သူတွေဖြစ်ကြတဲ့အတွက် ဖမ်းဆီးခံရပြီးနောက်ပိုင်းဖြစ်လာတဲ့ အသက်အန္တရယ်ကို စစ်အုပ်စုကတာဝန်ခံရမယ်လို့ သပိတ်အဖွဲ့တွေကထုတ်ပြန်ထားကြပါတယ်။